Connect with us

Politics, Law & Military

NCA စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းအဖွဲ့ ဖွဲ့စည်းမည်

သုံးသပ်ရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA )ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည် သုံးသပ်ရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) သည် NCA စာချုပ် အကောင်အထည်ဖော် မှုဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းအဖွဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း UNFCအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

NCA စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ပြန်လည် သုံးသပ်ခြင်းအဖွဲ့ကို အထူးဖိတ်ကြားထား သူနှစ်ဦးနှင့်NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းရှစ်ဖွဲ့မှ အစုအဖွဲ့အလိုက် တာဝန်ယူထားသူများဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ဦးဆောင်သူအဖြစ် ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲဆွေးနွေးမှုကော်မတီ(UPDJC) ဒုတိယဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းက တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့ကို ကိုယ်စားလှယ် ၂၁ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ယင်းအဖွဲ့၏ သုံးသပ်ချက်များ ပြင်ဆင်မှု (Reform) ကို ဇူလိုင်လအတွင်း စတင်မည်ဖြစ်ကြောင်း၊ ဇူလိုင်လအကုန်တွင် သုံးသပ်ချက်များကို PPST သို့ တင်ပြမည်ဖြစ်ကြောင်း သိရသည်။

“Review နဲ့ Reform ဇူလိုင်လအတွင်းမှာ စမယ်။ ဇူလိုင် ကုန်တာနဲ့ ထွက်လာတဲ့ PPST ကို တင်ပြမယ်။ PPST က တစ်ဆင့်EAOs ညီလာခံမှာ တင်ပြမယ်။ တစ်လခွဲအတွင်းမှာ အပြီးလုပ်နိုင်ဖို့ စီစဉ်နေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေရဲ့ ညီလာခံကိုလည်း ရှေ့လလောက်မှာလုပ်နိုင် ဖို့ စီစဉ်နေပါတယ်”ဟု ချင်းအမျိုးသားတပ်ဦး(CNF)၏ ဥက္ကဋ္ဌ ပူးဇင်းကျုံးက ပြောသည်။

နိုင်ငံရေးဆိုင်ရာ မူဘောင်ကိစ္စရပ်များနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA )ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည် သုံးသပ်ရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇွန် ၂၈ ရက်မှ ဇူလိုင် ၂ ရက်အထိ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။(Xinhua)