Connect with us

Politics, Law & Military

NLD ဗဟိုကော်မတီ အစည်းအဝေး၌ နိုင်ငံအနာဂတ်အတွက် အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမမြောက်အစည်းအဝေး၌ ဇွန်လ ၂၁ ရက်နေ့တွင် အပိတ်မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမမြောက် အစည်းအဝေး၌ နိုင်ငံ အနာဂတ်အတွက် အရေးကြီးသည့် ကိစ္စများ ဆွေးနွေးနိုင်ခဲ့ပြီး ဆုံးဖြတ်ချက်များလည်း ချမှတ်နိုင်ခဲ့ကြောင်း အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အစည်းအဝေး အပိတ် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

ယခုနှစ်၌ အရေးကြီးဆုံး ကိစ္စသည် ရွေးကောက်ပွဲ၌ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မြောက်ရေးနှင့် ရွေးကောက်ပွဲ အလွန်မှာ တည်တည်ငြိမ်ငြိမ်နှင့် အားလုံး ချောချောမွေ့မွေ့ရှိရေး ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နေက်တစ်ကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို နိုဝင်ဘာလကုန်မှသာ ထပ်မံ ကျင်းပနိုင်မှာ ဖြစ်ကြောင်း၊ ယခု ကျင်းပခဲ့သည့် အစည်းအဝေးသည် အရေးကြီးသော ဗဟိုကော်မတီ အစည်းအဝေးဖြစ်ကြောင်း အဖွဲ့ချုပ် ဥက္ကဌက အစည်းအဝေး ပထမနေ့ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဝင်၊ မဝင် ဆုံးဖြတ်ချက်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်ကို စောင့်ဆိုင်းနေကြောင်း၊ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့် ပတ်သတ်ပြီး အချက်အလက် အများအပြား ဆွေးနွေးနိုင်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ၌ အဖွဲ့ချုပ်၏ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမမြောက်အစည်းအဝေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

အဆိုပါ အစည်းအဝေး၌ ဗဟို အလုပ်အမှုဆောင်အဖွဲ့၏ အစီရင်ခံစာနှင့် ဗဟိုလုပ်ငန်းအဖွဲ့များ၏ ဆောင်ရွက်ထားချက်များကို အတည်ပြုခြင်း၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်လာရေး၊ နိုင်ငံသားများ၏ အခွင့်အရေးများ ကာကွယ်နိုင်ရေးတို့အတွက် မဲစာရင်း စိစစ်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက်ရန် ဆုံးဖြတ်ခြင်း၊ ရွေးကောက်ပွဲ အောင်နိုင်ရေးသည် အဖွဲ့ချုပ် အောင်နိုင်ရေးမဟုတ်ဘဲ ဒီမိုကရေစီ ပြည်ထောင်စု အောင်နိုင်ရေး၊ ပြည်သူပြည်သားများ အောင်နိုင်ရေး ဖြစ်စေရန် ဆုံးဖြတ်ခြင်းနှင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းကို ဗဟို အလုပ်အမှုဆောင်အဖွဲ့က အပြီးသတ်ဆုံးဖြတ်ခြင်း စသည့် ဆုံးဖြတ်ချက်များစွာ ချမှတ်နိုင်ကြောင်း အဖွဲ့ချုပ်က ထုတ်ပြန်သည်။

ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော် ပေါ်ပေါက်ရေး ဦးတည် ဆောင်ရွက်ရန်၊ တိကျမှန်ကန်သော မဲဆန္ဒရှင် စာရင်းဖြစ်ပေါ်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ရန်၊ လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးအတွက် မဝါဒများ ချမှတ်ရန်နှင့် မဲစာရင်း စိစစ်ရေး ကိစ္စရပ်များကို အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်ရန် စသည့် ရှေ့လုပ်ငန်းစဉ် လေးရပ်ကိုလည်း ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမမြောက် အစည်းအဝေး၌ ချမှတ်နိုင်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမမြောက် အစည်းအဝေးကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ဇွန်လ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့များတွင် ကျင်းပခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.