Connect with us

Politics, Law & Military

UNFC ၏ လုပ်ငန်းများတွင် အောင်မြင်မှု၊ မှားယွင်းမှုများရှိသဖြင့် ထပ်မံ မှားယွင်းမှုမရှိရေး လေးလေးနက်နက် ဆွေးနွေးသွားရန် ဗိုလ်ချုပ်ကြီး အင်ဘန်လ တိုက်တွန်း

UNFC လိုဂိုတံဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-UNFC)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

ညီညွတ်သော တိုင်းရင်းသားလူမျိုးမျာ ဖက်ဒရယ်ကောင်စီ(UNFC)၏ လုပ်ငန်းများတွင် အောင်မြင်မှုများ ရှိသလို၊ မှားယွင်းမှုများလည်းရှိသဖြင့် ထပ်မံ မှားယွင်းမှုမရှိစေရေးအတွက် လေးလေးနက်နက် ပါဝင် ဆွေးနွေးသွားကြရန် UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ယနေ့ တိုက်တွန်းပြောကြားသည်။

အဆိုပါ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)၏ အရေးပေါ် အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီလ ၁၈ ရက်က စတင်ကျင်းပလျက်ရှိရာ ယင်းအစည်းအဝေး ဖွင့်ပွဲ၌ ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ကိုယ့်လူမျိုးကိုယ့်ရဲ့ နိုင်ငံအတွက် လုပ်ဆောင်နေခြင်း ဖြစ်တယ်။ ကျွန်တော်လုပ်တာ မှားတာနဲ့ ကိုယ့်လူမျိုး အများကြီး ထိခိုက်နိုင်တယ်။ ကိုယ့်နိုင်ငံ အများကြီးထိခိုက်နိုင်တယ်ဆိုတာကို အမြဲတမ်းသတိပြုကြဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ မှားယွင်းမှု ရှိပေမဲ့လည်း အနည်းဆုံးဖြစ်အောင် ကြိုးစားရမှာ ဖြစ်တယ်။ ဒါတွေကို သဘောမထားဘဲ ဖြစ်စလွယ်ဆွေးနွေးသွားလို့ ရှိရင် ကျွန်တော်တို့ မျှော်မှန်းချက်ဘက်ကို မသွားဘဲနဲ့ အမှားဘက် ဆုံးရှုံး မှုဘက်ကို ဦးတည်သွားနိုင်တယ်။ ဒါကိုလည်း လက်တွေ့ခံစားနေရပြီးသားဖြစ်ပါတယ်”ဟု ထည့်သွင်းပြောဆိုထားသည်။

ယင်း အစည်းအဝေး၌ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးသွားမည် ဖြစ်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)တို့ တိုက်ပွဲ ဖြစ်ပွားနေမှုကိုလည်းထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်သည်။

UNFC က ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ တို့ အပါအဝင် အဖွဲ့ဝင် ကိုယ်စားလှယ် ၄၀ ဦးနှင့် အခြား လေ့လာသူများလည်း တက်ရောက် ဆွေးနွေးလျှက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.