Connect with us

Politics, Law & Military

ရွေးကောက်ပွဲ သတင်းများ တိကျ မှန်ကန် ပြည့်စုံအောင်ရေးရန် ၊ ဘက်မလိုက်ရန်လိုအပ်ဟု ဆို

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက ရွေးကောက်ပွဲ လမ်းညွှန်စာအုပ်များ ပေးအပ်ပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

သတင်းသမားများ အနေဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ သတင်းများ ဖော်ပြရေးသားရာတွင် တိကျ မှန်ကန် ပြည့်စုံအောင် ရေးရန်၊ ဖောက်လွဲဖောက်ပြန် မလုပ်ရန်နှင့် ဘက်မလိုက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီ ဥက္ကဌ ဦးအုန်းကြိုင်က ယနေ့ ညနေ ပိုင်း တွင် ပြောကြားခဲ့သည်။

“သတင်းသမားများ အတွက် ရွေးကောက်ပွဲ လမ်းညွှန်စာအုပ်ပါ အကြောင်းအချက်တွေနဲ့အညီ လာမယ့် ရွေးကောက်ပွဲမှာ သတင်းသမားတွေ ရွေးကောက်ပွဲ ဆိုင်ရာ သတင်းတွေ ရယူတဲ့နေရာမှာ အဆင်ပြေပြေရရင် မဲဆန္ဒရှင် ပြည်သူတွေလည်း ရွေးကောက်ပွဲ သတင်းမှန် တိတိကျကျ ရမယ်၊ ဒီလို ရဖို့ရာအတွက် ရွေးကောက်ပွဲကော်မရှင်နဲ့ ကျွန်တော်တို့နဲ့ ပူးတွဲပြီး အစတည်းက ဆောင်ရွက်ခဲ့ တယ်၊ နယ်တွေ ဆင်းတယ်၊ မဏ္ဍိုင် လေးရပ် ဆွေးနွေးပွဲတွေ လုပ်တယ်၊ နယ်မှ ရှိတဲ့ ဒေသခံ သတင်း ထောက်တွေနဲ့ တွေ့တယ်၊ ပူးတွဲ ဆောင် ရွက်ကြဖို့ တစ်ယောက်နဲ့တစ်ယောက် အပြစ်မမြင်ကြဖို့၊ အပေးအယူ မျှတအောင် တစ်ဘက်က လည်း လိုချင်တဲ့ သတင်းပေးဖို့၊ တစ်ဘက်ကလည်း ရတဲ့ သတင်းကို တိကျ မှန်ကန် ပြည့်စုံအောင် ရေးဖို့ ဖောက်လွဲဖောက်ပြန် မလုပ်ဖို့ ဘက်မလိုက်ဖို့ ဒါတွေ ကျွန်တော်တို့ အများကြီး စီစဉ်ခဲ့ကြ တယ်၊ တော်တော်လေးလည်း ခရီးရောက်ခဲ့တယ်” ဟု ၎င်းက ပြောခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက ရွေးကောက်ပွဲ လမ်းညွှန်စာအုပ်များ ပေးအပ်ပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရုံးတွင် ယနေ့ ညနေပိုင်း ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက ရွေးကောက်ပွဲ လမ်းညွှန်စာအုပ်များ ပေးအပ်ပွဲ၌ ၎င်းက ပြောခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၌ အက်ဥပဒေ၊ နည်းဥပဒေများလည်း ရှိကြောင်း၊ သတင်းသမားများအတွက် အဓိက လိုက်နာရမည့် ကျင့်ဝတ်များလည်း ရှိကြောင်း၊ ထိုအချက်များကို ကိုင်တွယ်လျက် မီဒီယာလောကကို ထိန်းချုပ် ဆောင်ရွက်လျက် ရှိကြောင်းလည်း သတင်းမီဒီယာ ကောင်စီ ဥက္ကဌက ပြောကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်း အမှာ စကား ပြောကြားစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဥက္ကဌ ဦးအုန်းကြိုင် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ရွေးကောက်ပွဲ လမ်းညွှန်စာအုပ်များ ပေးအပ်နေစဉ် (ဆင်ဟွာ)

ထို့အပြင်အဆိုပါ လမ်းညွှန်စာအုပ်တွင် သတင်းသမားများ ဆောင်ရန် ရှောင်ရန် လိုက်နာရန် အချက် များ၊ အခက်အခဲများ ပေါ်ပေါက်ပါက လိုက်နာ ဖြေရှင်းရမည့် အချက်များ ထည့်သွင်း ပြုစုထား ကြောင်း၊ ထိုကဲ့သို့ လမ်းညွှန်စာအုပ်မျိုးကို ၂၀၁၂ နှင့် ၂၀၁၅ တို့တွင်လည်း ပြဌာန်း ထုတ်ဝေခဲ့ ကြောင်း၊ ယခု အပတ်တွင် ကျယ်ကျယ်ပြန့်ပြန့်ထဲထဲဝင်ဝင် ပြုစုထားရာ ကုလသမဂ္ဂ ပညာ၊ သိပ္ပံ နှင့် ယဉ်ကျေးမှု အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ မီဒီယာ ထောက်ပံ့ ကူညီရေးအဖွဲ့တို့၏ ကူညီမှုများလည်း ပါဝင်ကြောင်း၊ မိမိတို့ လက်လှမ်းမမီသော နိုင်ငံများ၊ လက်လှမ်းမီသော နိုင်ငံများ၏ ရွေးကောက်ပွဲများ တွင် မီဒီယာများ မည်သို့ လိုက်နာ ဆောင်ရွက်ကြသည့် အပိုင်များကိုပါ ထည့်သွင်းထားပါကြောင်း လည်း ဥက္ကဌ က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.