Connect with us

Politics, Law & Military

USDP ပါတီ ဗဟိုကော်မတီ အောင်နိုင်ရေး ဥက္ကဌအဖြစ် သူရ ဦးရွှေမန်းကို ခန့်အပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ သူရ ဦးရွှေမန်း စတုတ္ထ အကြိမ် ပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေစဉ်(ဓာတ်ပုံ-Hlaing Myo Htun )

နေပြည်တော်၊ မေ ၃၁ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ဗဟိုကော်မတီ အောင်နိုင်ရေး ဥက္ကဌအဖြစ် သူရ ဦးရွှေမန်းကို ခန့်အပ်လိုက်ကြောင်း ယနေ့ နေပြည်တော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပါတီဗဟို ကော်မတီ အတွင်းရေးမှူး ဦးသိန်းဆွေက ပြောကြားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး၌ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အဆိုပါ အဖွဲ့ ဥက္ကဌအဖြစ် သူရ ဦးရွှေမန်းကို ရွေးချယ်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဦးရွှေမန်း လမ်းညွှန်မှုအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စတုတ္ထ အကြိမ် USDP ပါတီ ဗဟိုကော်မတီ အစည်းအဝေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ပြည်ခိုင်ဖြိုးပါတီမှ တပ်မတော်သား ၁၀၀ကျော် ဝင်ရောက် ယှဉ်ပြိုင်မည့် သတင်းသည် လက်ရှိတွင် မဟုတ်မှန်သော်လည်း နောက်ပိုင်း၌ တပ်မတော်သားများ ပါလာနိုင်ကြောင်း ဦးသိန်းဆွေက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီအနေဖြင့် သမ္မတလောင်းစာရင်းထုတ်ပြန်ရန် မရှိဘဲ ကိုယ်စားလှယ်လောင်းစာရင်းကို လာမည့်နှစ်ပတ်အတွင်း ထုတ်ပြန်မည်ဖြစ်သည်။

ယခင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသိန်းစိန်သည် သမ္မတ တာဝန် ထမ်းဆောင်နေခြင်းကြောင့် ပါတီ၏ တာဝန်များကို ထမ်းဆောင်နိုင်ခြင်းမရှိသည့်အတွက် ဒုဥက္ကဌ ဖြစ်သည့် သူရ ဦးရွှေမန်းသည် ပါတီ တာဝန်များကို ထမ်းဆောင်လျှက်ရှိပြီး လက်ရှိ ပါတီ ဆုံးဖြတ်ချက်အရ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ထိ ပါတီ ဥက္ကဌ ရာထူးမှ လူအပြောင်းအလဲ မရှိဘဲ သမ္မတ လောင်း ရွေးချယ်မှုကိုလည်း ၂၀၁၅ ရွေးကောက်ပွဲပြီးမှ ရွေးချယ်နိုင်မည်ဖြစ်ကြောင်း ဦးသိန်းဆွေက ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းပါတီ၏ အဓိက ပြိုင်ဘက်သည် တိုင်းဒေသကြီများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဖြစ်ကြောင်း ၎င်းက ပြောသည်။

နေပြည်တော်၌ မေ ၂၉ ရက်မှ ၃၁ ရက်ထိ သုံးရက်ကြာ ကျင်းပသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို ပါတီဝင် စုစုပေါင်း ၂၈၂ ဦး တက်ရောက်ခဲ့သည်။ (Xinhua)