Connect with us

Science & Technology

မန္တလေး-လားရှိုး-မူဆယ် လမ်းပိုင်း ယာဉ်ကြောပိတ်ဆို့မှု အတွက် ဂုတ်တွင်း တံတားသစ် တစ်စင်းထိုးရန် စီစဉ်

မန္တလေး-လားရှိုး-မူဆယ် လမ်းပိုင်း တစ်နေရာအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၏ အဓိကအာဆီယံ လမ်းမကြီး ဖြစ်သည့် မန္တလေး-လားရှိုး-မူဆယ်လမ်းပိုင်း ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းနိုင်ရန် ဂုတ်တွင်း တံတားသစ် တစ်စင်းထိုးရန် စီစဉ် ဆောင်ရွက်နေကြောင်း ရှမ်းပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။

ယာဉ်ကြော ပိတ်ဆို့မှုကို ရက် ၁ဝဝ စီမံကိန်းဖြင့် လတ်တလော ဖြေရှင်းပေးသွားမည် ဖြစ်သော်လည်း ရေရှည်တွင် ယာဉ်သွားလာမှု ချောမွေ့စေရေး အတွက် ဂုတ်တွင်း၌ တံတား ထိုးပေးသွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေးက ပြောကြားသည်။

အဆိုပါလမ်းသည် အာဆီယံလမ်း ဖြစ်သည့်အလျောက် အာဆီယံ စံချိန်များနှင့်အညီ ၄၈ ပေလမ်း ဖြစ်ရန် လိုအပ်ပြီး လမ်းချဲ့ထွင်နိုင်ရန် မြေနေရာ မရှိသည့်အတွက် တံတား ထိုးရန် စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တံတားအား အကြမ်းအားဖြင့် တည်ဆောက်ရန် ပုံစံမျိုးထုတ်ထားပြီး ဖြစ်သော်လည်း မည်သည့် ပုံစံဖြင့် တည်ဆောက်ရန် စိစစ် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းရန် အစိုးရ၏ ရက် ၁ဝဝ စီမံကိန်းတွင် ပါဝင်ပြီး ယာဉ်ကြော ပိတ်ဆို့မှုကို မည်ကဲ့သို့ ကိုင်တွယ် ဖြေရှင်းမည်ကို အဖြေရှာရာတွင် အဆိုပါ လမ်းပိုင်းသည် မြန်မာနိုင်ငံတွင် ကုန်စည် စီးဆင်းရာ အဓိကကျသော လမ်းပိုင်း ဖြစ်သည့် အလျောက် နေ့စဉ်နှင့်အမျှ ယာဉ်သွားလာမှု ပိုမို များပြားလာခြင်း၊ ကုန်ပစ္စည်း သယ်ယူ ပို့ဆောင်ရာတွင် ၂၂ ဘီးတပ် (တွဲကား) ယာဉ်ကြီးများ အသုံးပြုမှု များပြားလာခြင်း၊ လမ်းအကျယ်မှာ နှစ်လမ်းသွားလမ်း ဖြစ်ပြီး လမ်းချဲ့ထွင်ရန် ခက်ခဲခြင်း၊ ယာဉ်များ စက်ချွတ်ယွင်းမှု ဖြစ်ခြင်း၊ လမ်းချော်ခြင်း၊ ယာဉ်မောင်း အချို့ စည်းကမ်း လိုက်နာမှု အားနည်းမှုများ တွေ့ရသည်။

မန္တလေး-လာရှိုး-မူဆယ် လမ်းပိုင်း၌ အဓိကအားဖြင့် ဂုတ်တွင်းနှင့် ကွတ်ခိုင် (တိုးဂိတ်အနီး) မှ နန့်ခိုင်(ရှုခင်းသာ) ထိ တောင်ပေါ်လမ်းများတွင် ယာဉ်ကြီးများ တစ်စုံတစ်ခု ဖြစ်ပေါ်ပါက ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်လျက်ရှိသည်။

ယင်းတွေ့ရှိချက်များအနက်မှ ယာဉ်ကြော ပိတ်ဆို့မှု ၇၅ ရာခိုင်နှုန်းမှာ ယာဉ်ကြောင့် ဖြစ်ပြီး ယာဉ်မောင်းနှင့် လမ်းပိုင်းဆိုင်ရာ ချွတ်ယွင်းမှု ၂၅ ရာခိုင်နှုန်း ဖြစ်ကာ ယာဉ်ကြောင့် ၇၅ ရာခိုင်နှုန်းထဲမှ ၂၂ ဘီးတပ် (တွဲကား) ယာဉ်ကြောင့်မှာ ၃၅ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

မန္တလေး-လားရှိုး-မူဆယ် လမ်းပိုင်းအား Oriental Highway ကုမ္ပဏီ လီမိတက်က BOT စနစ်ဖြင့် တာဝန်ယူ လုပ်ဆောင်လျက် ရှိရာ ၎င်းကုမ္ပဏီက ၄၈ ပေအကျယ် လေးလမ်းသွား တိုးချဲ့ခြင်း လုပ်ငန်းကို နှစ်အလိုက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီ အနေဖြင့် ၂ဝ၁၆-၂ဝ၁၈ တွင် သိန်းနီ-မူဆယ်လမ်း ၇၇ မိုင်၊ ၂ဝ၁၈-၂ဝ၁၉ တွင် ဝက်ဝံ-နောင်ချိုလမ်း ၂၁ ဒသမ ၆၂၅ မိုင်နှင့် နောင်ချို မြို့ရှောင်လမ်း ၁၂ ဒသမ ၈၂၆မိုင်၊ ၂ဝ၂ဝ-၂ဝ၂၁ တွင် နောင်ချို-သီပေါလမ်း ၃၄ ဒသမ ၈၇၅ မိုင်၊ သီပေါမြို့ရှောင်လမ်း ၁ ဒသမ ၈၆၄ မိုင်၊ သီပေါ-သိန်းနီ လမ်း ၅၉ ဒသမ ၂၅ မိုင်၊ သိန်းနီမြို့ရှောင်လမ်း ၂ ဒသမ ၅၆ မိုင်ကို ဘဏ္ဍာ ရေးနှစ်အလိုက် တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.