Connect with us

Science & Technology

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသုံးများအား လျှပ်စစ်ဓာတ်အားရရှိစေရေးအတွက် သီးခြားဓာတ်အား ခွဲရုံများတည်ဆောက်သုံးစွဲမည်

ရန်ကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာ(ခ) ဒေါ်သီတာမောင် မှ မေးခွန်းမေးမြန်းနေစဉ် (ဓာတ်ပုံ-- ရန်ကုန်တိုင်းဒေသအစိုးရ)

ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ သုံးစွဲနေသော လျှပ်စစ်ဓာတ်အားကို ထိခိုက်မှု မရှိစေရေးအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသုံးများအား သီးခြားဓာတ်အား ခွဲရုံများတည်ဆောက်ပြီး သုံးစွဲစေမည်ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ဆဋ္ဌမပုံမှန် အစည်းအဝေး (နဝမနေ့) တွင် ရန်ကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာ(ခ) ဒေါ်သီတာမောင်၏ “ရန်ကင်းမြို့နယ်အတွင်း နိုင်ငံခြားနှင့်ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများဖြစ်သော အိမ်ရာတည်ဆောက်ရေး လုပ်ငန်းများ တိုးပွားလာခြင်း အပေါ်လိုအပ်မည့်လျှပ်စစ် ဓာတ်အား အတွက် မြို့နယ်အတွင်း ယခုသုံးစွဲနေသော လျှပ်စစ်ဓာတ်အားကို ထိခိုက်မှုမရှိစေရန် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်” ကို သိရှိလိုပါကြောင်း မေးခွန်းနှင့် ပတ်သက်ပြီး ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဓာတ်အားသုံးစွဲလိုသူများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် တင်ပြလျှောက်ထားလာသည့် အခါ သုံးစွဲလိုသည့် လျှပ်စစ်ဓာတ်အား ပမာဏအပေါ်မူတည်၍ လက်ရှိဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ဝန်အားနိုင်နင်းမှုမရှိပါက ဓာတ်အားဖြန့်ဖြူးမှုစနစ် တိုးချဲ့ရခြင်းအတွက် 1MVAမှ 10MVAအထိ ဓာတ်အားသုံးစွဲလိုသူများကို ၃၃ပေ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်စေ၍ ဓာတ်အားရယူစေခြင်း၊ 10MVA အထက် ဓာတ်အားသုံးစွဲသူများကို ၆၆ပေ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်စေ၍ ဓာတ်အားရယူစေခြင်းများ ပြုလုပ်စေသည့်အတွက် အများပြည်သူသုံးစွဲနေသော လျှပ်စစ်ဓာတ်အားကို ထိခိုက်မှုမရှိစေရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားတဲ့ Project တွေမှာဆိုရင် သူတို့ရဲ့သီးခြား သူတို့သုံးစွဲမယ့် လျှပ်စစ်ဓာတ်အားနဲ့ လိုက်ပြီးတော့ သီးခြား ဓာတ်အားခွဲရုံ တည်ဆောက်စေပြီးတော့ သုံးစွဲစေမှာ ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်” ဟုဝန်ကြီး ကပြောသည်။

လျှပ်စစ်နှင့် စွမ်းအားဝန်ကြီးဌာနမှ အထပ်မြင့် အဆောက်အဦ၊ အိမ်ရာ၊ ကွန်ဒို ၊ ဈေးဝယ်စင်တာ အစရှိသည့် လူနေမှုပတ်ဝန်းကျင်နှင့် စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာရေးအတွက် အသစ်တိုးတောင်းလာသော လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ရေး၊ အများပြည်သူ သုံးစွဲနေသော လျှပ်စစ်ဓာတ်အားကို ထိခိုက်မှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.