Connect with us

Social

ကိုယ်ဝန်ဆောင်များနှင့် အသက်နှစ်နှစ်အောက် ကလေးများအား ၂၀၁၇ တွင် ထောက်ပံ့ငွေ စတင် ပေးမည်

မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ အစည်းအဝေးနှင့် ကလေး သူငယ် အခွင့်အရေး များ ဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး အဖွင့် အမှာစကား ပြောကြားစဉ်

နေပြည်တော်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အစီအစဉ်ကို ၂၀၁၇ ခုနှစ်တွင် စတင်ဆောင်ရွက်မည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထား ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ကလေးသူငယ် အခွင့် အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းမြတ်အေးက ယနေ့နေ့လယ်တွင် ပြောခဲ့သည်။

“မြန်မာနိုင်ငံ လူမှုကာကွယ် စောင့်ရှောက်ရေး အမျိုးသား အဆင့် မဟာဗျူဟာ စီမံချက် ဦးစားပေး အစီအစဉ် ရှစ်ခုမှာ ကလေးသူငယ်နဲ့ဆိုင်တဲ့ ကဏ္ဍ လေးခု ပါပါတယ်၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် အသက် နှစ်နှစ် အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အစီအစဉ်ကို ချင်းပြည်နယ်တွင် ကနဦး စီမံချက် အနေ ဖြင့် ၂၀၁၇ ခုနှစ်မှာ စတင်ဆောင်ရွက် သွားပါမယ်” ဟု နေပြည်တော် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထား ရေး ဝန်ကြီးဌာနတွင် ယနေ့ နေ့လယ်ပိုင်းက ပြုလုပ်သည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ အစည်းအဝေးနှင့် ကလေး သူငယ် အခွင့်အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေး အဖွင့်အမှာစကားတွင် ပြည်ထောင်စု ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။ထို့အပြင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး မူဝါဒ (Child Protection Policy) ကို ရေးဆွဲ ချမှတ် နိုင်ရေးအတွက် UNICEF Myanmar နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောခဲ့သည်။

ကလေးသူငယ် အခွင့် အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ကလေးသူငယ် အားလုံး အတွက် အဓိက အခွင့်အရေး လေးရပ်ကို ဦးဦးဖျားဖျား ရယူနိုင်ရနနှင့် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွား ဖော်ဆောင်နိုင်ရန် ဥပဒေ၊ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ချမှတ် ဖော်ဆောင်လျက်ရှိ သည်ဟုလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

“ဥပဒေ အနေနဲ့ ကလေးသူငယ် ဥပဒေ (၁၉၉၃)နဲ့ ကလေးသူငယ် နည်းဥပဒေ(၂၀၀၁) တို့ကို ပြဌာန်းပေးခဲ့ပြီး ပါပြီ၊ ပြောင်းလဲလာတဲ့ ခေတ် စနစ်နဲ့အညီ ဒီမိုကရေစီ စံနှုန်းများနဲ့လိုက်လျောညီထွေ ဖြစ်အောင် ဝန်ကြီးဌာန က ဦးဆောင်ပြီး ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ မူကြမ်းကို ပြန်လည် ပြင်ဆင် ရေးဆွဲနေ ပါ တယ်၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ အတွင်း လွှတ်တော်သို့တင်ပြနိုင်ဖို့ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ရှင်းပြခဲ့ သည်။

ပြင်ဆင်ရေးဆွဲသည့် ဥပဒေကြမ်းတွင် ကလေး သူငယ် များကို မွေးစား ခြင်း၊ အခြားနည်းဖြင့် ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ စရိတ်ထောက်ပံ့ခြင်း၊ ကျန်းမာရေး ဆိုင်ရာ အခွင့်အရေး များ၊ ပညာရေးဆိုင်ရာ အခွင့်အရေးများ၊ ကလေးသူငယ်များ အလုပ် လုပ်ကိုင်ခြင်းနှင့် အဆိုးရွားဆုံး ပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ မသန်စွမ်း ကလေးငယ်များ၊ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခ၊ ကလေးသူငယ်ကို ရောင်းချခြင်း၊ ပြည့်တန်ဆာ ပြုလုပ်ခြင်း၊ ကလေးသူငယ် ညစ်ညမ်းပုံ ပြုလုပ် ဖြန့်ဖြူးခြင်း၊ ကလေးသူငယ် များကို အကြမ်းဖက်ခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း၊ ပြစ်မှု ကျူးလွန်ခြင်းခံရသည့် ကလေး သူငယ်များနှင့် ကလေးသူငယ် သက်သေများအား အကူအညီနှင့် အကာအကွယ်ပေးခြင်း စသည့် အခန်း ခေါင်းစဉ် အသစ်များ ထည့်သွင်းထားကြောင်းသိရသည်။

“ဒါ့အပြင် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးဥပဒေကို ကျွန်တော်တို့ဝန်ကြီးဌာနက ဦးဆောင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း၊ ကျား – မ တန်းတူညီမျှရေး ကွန်ယက်အဖွဲ့၊ UN Gender Theme Group တို့နှင့် ပူးပေါင်း ရေးဆွဲထားပြီး အခန်း ၁၉ ခန်း၊ ပုဒ်မ ၉၁ ခု ပါဝင်ပြီး အမျိုးသမီးများကို ရှုထောင့် ပေါင်းစုံမှ ကာကွယ် စောင့်ရှောက်ပေးနိုင်ရန် ရေးဆွဲထားပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သည့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားခဲ့သည်။ အဆိုပါ ဥပဒေ မူကြမ်းအား လွှတ်တော်သို့မည်သည့်ကာလတွင် တင်သွင်းနိုင်မည်ကိုမူ ၎င်းက မပြောကြားခဲ့ပေ။

မြန်မာနိုင်ငံသည် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (UNCRC :_ United Nations Convention on the Rights of Child) နှင့် အညီ အဓိက အခွင့်အရေး လေးရပ်နှင့် တာဝန် ငါးရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အာဆီယံ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး ကော်မရှင် (ACWC:_ ASEAN Commission on the Promotion and Protection of Women’s and Children’s Rights) အဖွဲ့ဝင် အနေဖြင့် အာဆီယံ ဒေသတွင်းရှိ အခြား နိုင်ငံများ နည်းတူ မြန်မာနိုင်ငံကလည်း ဒေသဆိုင်ရာ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.