Connect with us

Social

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဇူလိုင်လအတွက် ချီးကျူး ဂုဏ်ပြုထိုက်သူ အဖြစ် မန္တလေး အခမဲ့စာကြည့်တိုက်များ တည်ထောင်သူအား ရွေးချယ်

ကိုဇော်ဇော်(မန္တလေး အခမဲ့ စာကြည့်တိုက်များ တည်ထောင်သူ)အား တွေ့ရစဉ်(ဓာတ်ပုံ- Myanmar State Counsellor Office)

ရန်ကုန် ၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဇူလိုင်လ အတွက် ချီးကျူး ဂုဏ်ပြုထိုက်သူ အဖြစ် မန္တလေး အခမဲ့စာကြည့်တိုက်များ တည်ထောင်သူ ကိုသိန်းဇော်(ခေါ်)ကိုဇော်ဇော် ကို ရွေးချယ်၍ ကျေးဇူးတင်လွှာအား နိုင်ငံတော်၏ အတိုင်ပင်ခံရုံးမှ ယနေ့သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကိုသိန်းဇော်(ခေါ်)ကိုဇော်ဇော် ကဲ့သို့ပင် မျိုးဆက်သစ် လူငယ်လူရွယ်များ အနေဖြင့် မိမိတို့ပတ်ဝန်းကျင် ၊ မိမိတို့လူ့အဖွဲ့အစည်း ၊ မိမိတို့နိုင်ငံတော် အတွက် ဝိုင်းဝန်းကူညီ ကြိုးပမ်း ဆောင်ရွက် ပေးကြပါရန် တိုက်တွန်း အားပေးလျက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
စာအုပ်စာပေများမှ ရရှိသော ခွန်အားဖြင့် ဘဝကို ခိုင်ခိုင်မာမာ ရပ်တည်နိုင်သည့် အပြင် မျိုးဆက်သစ် လူငယ်များ စာပေ လေ့လာ ဖတ်ရှုနိုင်ရန် ကြိုးပမ်း အားထုတ်ခြင်းသည် အသိပညာ လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာရေးကို တစ်ဘက်တစ်လမ်းမှ အထောက်အကူ ပြုခြင်း ဖြစ်သလို နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် တက်နိုင်သမျှ ပါဝင် ဆောင်ရွက်နေခြင်းဟု ရှုမြင်ကြောင်း ဖော်ပြထားသည်။
မန္တလေးတိုင်း ဒေသကြီး ၊ ကျောက်ပန်းတောင်း မြို့နယ် ၊ ကတော ကျေးရွာအုပ်စု ၊ စည်သာ ကျေးရွာမှ ကိုသိန်းဇော်(ခေါ်)ကိုဇော်ဇော်သည် အတန်းပညာအားဖြင့် စတုတ္ထတန်း အောင်မြင်သည် အထိသာ ပညာသင်ကြားခဲ့ရသော်လည်း ရန်ကုန်မြို့၌ သမ္မာအာဇီ၀ ငါးကင် ရောင်းချခြင်းဖြင့် ကိုယ့်ဒူးကိုယ်ချွန် ရပ်တည် လုပ်ကိုင်ကာ တစ်ဘက်တွင်လည်း “မြန်မာနိုင်ငံကို ပြုပြင် ပြောင်းလဲ နိုင်သည်မှာ စာအုပ်စာပေသာ ဖြစ်သည်”ဟု ခံယူ၍ ချွေးနည်းစာဖြင့် တစ်ပိုင်တစ်နိုင် စာကြည့်တိုက်များကို ထူထောင်လျက် ရှိကြောင်း သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချီးကျူး ဂုဏ်ပြု ထိုက်သူများအား ရွေးချယ်၍ ပြည်သူသို့ကျေးဇူးတင်လွှာများ ထုတ်ပြန်ရာတွင် မေလအတွက် ရှင်သန်ရေး ကူညီမှု အသင်းအား လည်းကောင်း ၊ ဇွန်လ အတွက် ထူးချွန်လူငယ် မနော်ဒါးခူကို လည်းကောင်း ချီးကျူး ဂုဏ်ပြု ထိုက်သူများ အဖြစ် အသီးသီး ရွေးချယ်ခဲ့ပြီး ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.