Connect with us

Social

နိုင်ငံ့ဝန်ထမ်းများ သင်္ကြန် ရုံးပိတ်ရက်ကာလ သွားလာရေး အဆင်ပြေစေရန် နေပြည်တော်-ရန်ကုန် ခရီးစဉ်ကို မော်တော်ယာဉ်ကြီး များဖြင့် ပြေးဆွဲပေးမည်

ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) 

နေပြည်တော်ရှိ ရုံးဌာနအသီးသီးတွင် တာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ သင်္ကြန် ရုံးပိတ်ရက်ကာလအတွင်း သွားလာရေး အဆင်ပြေစေရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်ရှိ နေပြည်တော် ကုန်းလမ်း ပို့ဆောင်ရေးဌာန၏ အစီအစဉ်ဖြင့် နေပြည်တော်-ရန်ကုန် ခရီးစဉ်တစ်ခုကို မော်တော်ယာဉ်ကြီး များဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က မတ် ၂၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါခရီးစဉ်တွင် MAN/Volvo Express Bus အမျိုးအစား ငါးစီး၊ ခုံ ၂၀၀ ဖြင့် နေပြည်တော်-ရန်ကုန်(အသွား/အပြန်) ယာဉ်စီးခ ငွေကျပ် ၁၅,၀၀၀ ဖြင့်လည်းကောင်း၊ Hyundai City Bus အမျိုးအစား ငါးစီး၊ ခုံ ၂၀၀ ဖြင့် နေပြည်တော်-ရန်ကုန် (အသွား/အပြန်) ယာဉ်စီးခ ငွေကျပ် ၁၁,၀၀၀ ဖြင့် လည်း ကောင်း စုစုပေါင်း ယာဉ် ၁၀ စီး လူ ၄၀၀ အတွက် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ယာဉ်စီးခနှင့် လက်မှတ် များကို ဧပြီ ၂ ရက်မှ ၆ ရက်အထိ နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း နေပြည်တော် မြို့မဈေး က.ပ.ရ (ဂိတ်)တွင် ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။

နေပြည်တော်မှ ရန်ကုန်သို့ စတင်ထွက်ရှိ မည့်နေ့မှာ ဧပြီ ၉ ရက် ညနေ ၆ နာရီဖြစ်ပြီး ရန်ကုန်မှ နေပြည်တော်သို့ ပြန်လည်ထွက်ရှိ မည့်နေ့မှာ ဧပြီ ၁၉ ရက် ညနေ ၆ နာရီဖြစ်ကြောင်း သိရသည်။ 

အဆိုပါခရီးစဉ်တွင် မော်တော်ယာဉ်စီးနင်း ခွင့်လက်မှတ်ရောင်းချပေးနိုင်မည့် အရေအတွက် ထက် ခရီးသွားဝန်ထမ်း ပိုမိုများပြားနေ ပါက ဝန်ကြီးဌာနအလိုက် အချိုးချကန့်သတ် ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း သိရ သည်။

အဆိုပါ ကုန်းလမ်းပို့ဆောင်ရေးဌာနမှ ပြေးဆွဲ ပေးသည့် နိုင်ငံ့ဝန်ထမ်းများအတွက် နေပြည်တော်-ရန်ကုန် ခရီးစဉ်ကို ထောက်ကြန့်လမ်းဆုံမှ ပြည်လမ်းအတိုင်း မောင်းနှင်၍ ရန်ကုန်ဘူတာ ကြီးတွင် ခရီးစဉ်ပြီးဆုံးမည်ဖြစ်ပြီး ဒုတိယ လမ်းကြောင်းအဖြစ် အမှတ် (၃) လမ်းမကြီးမှ မောင်းနှင်၍ အောင်မင်္ဂလာ အဝေးပြေးဂိတ်၊ မြောက်ဥက္ကလာပအဝိုင်း၊ တံတားလေးလမ်းဆုံ၊ ကမ္ဘာအေးဘုရားလမ်းတို့မှတစ်ဆင့် ရန်ကုန် ဘူတာကြီးတွင် ခရီးစဉ် အဆုံးသတ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲ တွင်ပါရှိသည်။  (Xinhua)