Connect with us

Social

၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်တွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ ၅၄ ဒသမ ၅၈ သန်းရှိကြောင်း ထုတ်ပြန်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူမှုအား တွေ့ရစဉ်(ဓာတ်ပုံ - Department of Population)

ရန်ကုန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူဦးရေကိုအခြေခံ၍ ခန့်မှန်းတွက်ချက်မှုများအရ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်တွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၄ ဒသမ ၅၈ သန်းဖြစ်ကြောင်း အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ ပြည်သူ့အင်အား ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခန့်မှန်းလူဦးရေစာရင်းများအနက် အများဆုံး အဖြစ် ရန်ကုန်တိုင်းဒေသကြီး၌ ၈ ဒသမ ၃၉ သန်း ရှိပြီး မန္တလေးတိုင်းဒေသကြီး၌ ၆ ဒသမ ၅၄ သန်း ၊ ရှမ်းပြည်နယ်၌ ၆ ဒသမ ၄၃ သန်း ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၆ ဒသမ ၂၇ သန်း တို့ဖြင့် အသီးသီး ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

 မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းအား တွေ့ရစဉ်(ဓာတ်ပုံ-MOI) 

အဆိုပါ ခန့်မှန်းလူဦးရေ ၅၄ ဒသမ ၅၈ သန်းတွင် နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်များ အားလုံးတွင် အမျိုးသား ဦးရေ ၂၆.၁၅ သန်း ရှိပြီး အမျိုးသမီး ဦးရေ ၂၈ ဒသမ ၄၃ သန်း ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နှစ်အလိုက် ခန့်မှန်းလူဦးရေစာရင်းအား နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ နိုင်ငံတော်၏မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အခြေခံအသုံးပြုနိုင်ရေးအတွက် အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ ပြည်သူ့အင်အား ဦးစီးဌာနသည် နှစ်စဉ်ထုတ်ပြန်ပေးလျက် ရှိကြောင်း သိရသည်။ (Xinhua)