Connect with us

Social

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး တတိယ အကြိမ် ဆွေးနွေးပွဲ ကျင်းပ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရောက်ရှိလာစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ)၊ RfP (Religions for Peace)အဖွဲ့၏ တတိယ အကြိမ် အကြံပြု ဆွေးနွေးပွဲ (3rd Religions for Peace Advisory Forum on National Reconciliation and Peace in Myanmar) ကို နေပြည်တော် သင်္ဂဟ ဟိုတယ်၌ နိုဝင်ဘာ ၁၄ မှ ၁၅ ရက်အထိ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်သော ဒုတိယ သမ္မတများ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ ပြည်ထောင်စု ဝန်ကြီးများ နှင့်အတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် လည်း တက်ရောက်ခဲ့သည်။

ဘာသာရေးခေါင်းဆာင်များ၊ သံတမန်ကြီးများ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ ညီချက် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)မှ ကိုယ်စားလှယ်များ စုံလင်စွာ တက်ရောက်မြဲ ဖြစ်သည့် အဆိုပါ ငြိမ်းချမ်းမေတ္တာ အကြံပြု ဆွေးနွေးပွဲ တတိယ မြောက်ပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက် ရောက် လာခြင်းမှာ ပထမဆုံး ဖြစ်ပြီး ထိုသို့တက်ရောက်လာသည့်အတွက် ယခုပွဲမှာ ပိုမို ပြည့်စုံ သွားပါကြောင်း၊ ထာဝရ ငြိမ်းချမ်းရေး ရရှိစေရန် နိုင်ငံ့ ငြိမ်းချမ်းရေးကို ခြယ်လှယ်နိုင်သည့် လုပ်ပိုင်ခွင့် ရှိသော အစိုးရအဖွဲ့၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ညှိနှိုင်း ဆောင်ရွက်သွားကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းပါကြောင်းလည်း  ငြိမ်းချမ်း မေတ္တာ (မြန်မာ) အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေက ၎င်း၏ အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဒုတိယ သမ္မတ ဦးမြင့်ဆွေ ရောက်ရှိလာစဉ်။(ဆင်ဟွာ)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိလာစဉ်။(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖွင့်မိန့်ခွန်း ပြောကြားစဉ်။(ဆင်ဟွာ)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဖွင့်မိန့်ခွန်း ပြောကြားစဉ်။(ဆင်ဟွာ)

NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကိုယ်စား ဗိုလ်မှူးကြီး ခွန်ဥက္ကာ အမှာ စကား ပြောကြားစဉ်။(ဆင်ဟွာ)

ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်း ပြောကြားရာ၌  ဘာသာတရားတိုင်း၏ အဆုံးအမတို့သည် လူ့အဖွဲ့အစည်းအတွက် ကောင်း ကျိုးကို  ရရှိစေကြောင်း၊ ဘာသာရေး ခေါင်းဆောင်များအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း သဟဇာတ မျှတစွာ နေထိုင်တတ်အောင် ဦးဆောင်နိုင်ပါကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး မရရှိဘဲ နိုင်ငံ့ ဖွံ့ဖြိုးရေး ကို မတည်ဆောက်နိုင်ကြောင်း၊ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သော အမျိုးသား ပြန်လည် သင့်မြတ် ရေး နှင့် ငြိမ်းချမ်းရေးအတွက် ယခု ဆွေးနွေးပွဲက အထောက်အကူ ဖြစ်မည်ဟု ယုံကြည်ပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက် ပြောကြားရာတွင် မိမိတို့၏ လိုလားချက်များကို လက်နက်ကိုင်ပြီး တောင်းဆိုနေ၍ မဖြစ်နိုင် ကြောင်း၊ လက်နက်များကို ဘေးချပြီး ဆွေးနွေးမှုများဖြင့်သာ ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်စိတ် ရှိလျှင် ငြိမ်းချမ်းရေး မရစရာ အကြောင်းမရှိဘူးဟု ပြောကြား လိုကြောင်း၊ ငြိမ်းချမ်းရေး၏ ဆန့်ကျင်ဘက်ဖြစ်သော ဥပဒေ ပြင်ပ အကြမ်းဖက် လုပ်ရပ်တွေကို စွန် လွှတ်ကာ ပြည်သူ့ မျက်နှာကို ထောက်ထားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပေါ်ကို လျှောက်လှမ်းကြဖို့ ထပ်မံ ဖိတ်ကြားအပ်ပါကြောင်း၊ အတ္တ အကျိုးစီးပွား ရှေ့တန်းတင်မှုများကို လျှော့ချနိုင်ပြီး လူမျိုး ဘာသာ မခွဲခြားဘဲ တိုင်းပြည်၏ အင်အားသည် ပြည်တွင်းမှာသာ ရှိသည် ဟူသော ခံယူချက်ဖြင့် စည်းစည်း လုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်နိုင်ကြပါစေ၊ စစ်မှန်သော ထာဝရငြိမ်းချမ်းရေး အမြန်ဆုံး ရရှိဖို့ အစွမ်းကုန်ကြိုးပမ်း နိုင်ကြပါစေဟု ဆုတောင်းပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့နောက် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (NCA- S EAOs) ကိုယ်စား ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့(PLNO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ငြိမ်းချမ်း မေတ္တာ (မြန်မာ) အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေ နှင့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း မေတ္တာ အဖွဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Bishop Gunnar Stalsett တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပြီး ‘နားလည် သင့်မြတ်ခြင်းအပေါ် အခြေခံ သဘောတူညီမှု ကြေညာစာတမ်း’ အကြောင်းကို အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်း မေတ္တာအဖွဲ့ ပူးတွဲ ဥက္ကဋ္ဌ Oxford ဆရာတော် ပါမောက္ခ ဒေါက်တာ ဘန္ဒန ္တ ဓမ္မ သာမိက ရှင်းလင်း မိန့်ကြားတော်မူခဲ့ကာ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနား ပြီးဆုံးခဲ့သည်။

ထို့နောက် မျက်နှာ စုံညီ ဆွေးနွေးခြင်း၊ တံခါးပိတ် ဆွေးနွေးခြင်းများ ပါဝင်သည့် ဆွေးနွေးပွဲများကို ယနေ့ ၁၁ း ၄၀ နာရီမှ ညနေ ၅ း၀၀ နာရီ အထိလည်းကောင်း၊ ဒုတိယနေ့ ၌ဆွေးနွေးပွဲများကို နိုဝင်ဘာ ၁၅ ရက် နံနက် ၈ း ၃၀ နာရီမှ နေ့လယ် ၂ း ၀၀ အထိလည်းကောင်း ဆက်လက် ဆောင်ရွက် ကြကာ ဒုတိယနေ့ နေ့လယ်၂ း ၀၀ နာရီမှ ၃ း ၀၀ နာရီ ပိတ်သိမ်းပွဲ အခမ်းအနားကို ဆောင်ရွက်ကြ မည်ဟု သိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.