Connect with us

Social

မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ညီလာခံမှ ရရှိသော ဆွေးနွေးချက်များသည် အစိုးရသစ် လက်ထက် မီဒီယာ ပြုပြင် ပြောင်းလဲရေး အတွက် အသုံးဝင်မည်ဟုဆို

ပြန်ကြားရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ် စတုတ္ထ အကြိမ်မြောက် ကျင်းပသည့် မီဒီယာ ဖွံ့ ဖြိုး တိုးတက်ရေး ညီလာခံတွင် အဖွင့် အမှာစကား ပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

စတုတ္ထ အကြိမ်မြောက် ကျင်းပသည့် မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ညီလာခံကို ယနေ့ဒီဇင်ဘာလ ၁၀ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီး ညီလာခံတွင် အသွင် သဏ္ဍာန်သစ်နှင့် မြန်မာမီဒီယာ ခေါင်းစဉ်ဖြင့် မြန်မာ မီဒီယာများ၊ အစိုးရနှင့် အရပ်ဖက် လူ့အဖွဲ့အစည်းများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ထိုညီလာခံတွင် ပြန်ကြားရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က အဖွင့်အမှာ စကား ပြောကြားရာတွင် ပြီးခဲ့သည့် လေးနှစ်တာ ကာလအတွင်း မီဒီယာ ဖွံ့ဖြိုး တိုးတက်မှု ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် ရလဒ်ကောင်းများ အများကြီး ရရှိနေပြီ ဖြစ်သော်လည်း အနာဂတ်အတွက် လုပ်ဆောင်စရာ များစွာ ရှိနေသေးကြောင်း ၊ ယခု ဆွေးနွေးပွဲမှ ရရှိလာသည့် ဆွေးနွေးချက်များသည် နောက်တက်လာမည့် အစိုးရအား မီဒီယာ ပြုပြင် ပြောင်းလဲရေး အတွက် အင်မတန် အသုံးဝင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

သတင်း မီဒီယာ ကောင်စီ ဥက္ကဌ ဦးခင်မောင်လေးက ပြောကြားရာတွင် မြန်မာ သတင်း မီဒီယာ ဖွံ့ဖြိုးရေး အတွက် ဆွေးနွေးကြမည့် ညီလာခံတွင် နိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှု ၊ နိုင်ငံရေး ဖြစ်စဉ်များကြောင့် ရာစုနှစ်ဝက် နီးပါးကြာ ဒီမိုကရက်တစ် လမ်းကြောင်းနှင့် အလှမ်းကွာဝေးခဲ့သည့် မြန်မာသတင်း မီဒီယာ အလွှာ လောကကို စတုတ္ထ မဏ္ဍိုင် လမ်းကြောင်း အမှန်အပေါ် ပြန်လည် တွန်းတင်ပေးနိုင်ရန် အခွင့်အလမ်းနှင့် ရလဒ်ကောင်းများ ဖော်ဆောင် ပေးနိုင်မည်ဟု ယုံကြည်စွာ မျှော်လင့် ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။
ညီလာခံတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၊ ဗဟိုကော်မတီဝင် ၊ ဗဟိုပြန်ကြားရေး အဖွဲ့ဝင် ဦးအောင်ရှင်က မဝေးတော့သည့် အနာဂတ် ကာလတွင် လွတ်လပ်မှု ၊ တရားမျှတမှု ၊ လုံခြုံစိတ်ချရမှု ၊ အားလုံး ပူးပေါင်း ပါဝင်မှု ရှိသည့် မီဒီယာ ခေတ်တစ်ခေတ်ကို မြင်တွေ့ခံစားရတော့မည် ဖြစ်ပါကြောင်း ပွင့်လင်း မြင်သာမှုနှင့် တာဝန်ခံမှုကို ပိုမို ချဲ့ထွင် နိုင်တော့မည် ဖြစ်ကြောင်း အဖွင့် အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
စတုတ္ထ အကြိမ်မြောက် ကျင်းပသည့် မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ညီလာခံကို နှစ်ရက်ကြာ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး ဒီမိုကရက်တစ် အသွင် ဖော်ဆောင် ပေါ်ထွန်းလာမည့် မီဒီယာ ၊ ကျင်းပ ပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင် သတင်း မီဒီယာများ၏ လုပ်ဆောင်မှုများ ၊ ရုပ်သံ မီဒီယာများ ကျယ်ပြန့်လာခြင်းကြောင့် ပေါ်ထွန်းလာမည့် အခြေအနေ သစ်များ ၊ မြန်မာ မီဒီယာနှင့် ကျား ၊မ ရေးရာ မြန်မာပြည်မှ ဖြစ်စဉ်များ ၊ အရှိန်အဟုန် ပြင်းစွာ ပေါ်ထွန်းလာသော လူမှုကွန်ရက် မီဒီယာ ၊ သတင်း အချက်အလက် ရယူ သိရှိပိုင်ခွင့်မှ ပိုမိုကောင်းမွန်သော လူမှုအသိုက်အဝန်းဆီသို့၊ ရပ်ရွာ အခြေပြု မီဒီယာများမှ ထွက်ပေါ်လာသည့် ရပ်ရွာလူထု၏ အသံ ၊ အားကောင်းသည့် မီဒီယာ အသံများ လုံခြုံမှု ရှိစေရန် အကာအကွယ် ပေးခြင်း ၊ ဖြစ်ထွန်းလာမည့် တိုင်းရင်းသား မီဒီယာ အခင်းအကျင်းနှင့် စိန်ခေါ်မှုများ ၊ မြန်မာ မီဒီယာ ဖွံ့ဖြိုး တိုးတတ်ရေး အတွက် နိုင်ငံတကာမှ ပူးပေါင်း ဆောင်ရွက်မှုများ ၊ အတွေ့အကြုံနှင့် ရှေ့ဆက်မည့် လုပ်ငန်းစဉ်များ ဖြစ်သည့် အကြောင်းအရာ ၁၀ ခုကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.