Connect with us

Social

မြန်မာနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်တန်း ခရီးစဉ်များဖြင့် ယခုလအတွင်း တရုတ် နိုင်ငံသား ဧည့်သည် ၁၀၇ ဦး ဝင်ရောက် လည်ပတ်ခဲ့

နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်တန်း များဖြင့် ဝင်ရောက်လည်ပတ်ခဲ့သည့် တရုတ်နိုင်ငံသားများ၏ မော်တော်ယာဉ်များအား တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Hotels & Tourism)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ယခုလ အတွင်း နယ်စပ် ဖြတ်ကျော် မော်တော်ယာဉ်တန်း ခရီးစဉ်အဖြစ် တရုတ် နိုင်ငံသား ဧည့်သည် ၁၀၇ ဦးသည် မော်တော်ယာဉ်များဖြင့် မူဆယ်နယ်စပ် ဝင်ပေါက်မှ တစ်ဆင့် ဝင်ရောက် လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

တရုတ်နိုင်ငံသား ဧည့်သည် ၇၃ ဦးပါဝင်သော အဖွဲ့သည် မော်တော်ယာဉ် ၂၂ စီးဖြင့် ဖေဖော်ဝါရီလ ၆ ရက်တွင် လည်းကောင်း ၊ တရုတ်နိုင်ငံသား ဧည့်သည် ၃၄ ဦး ပါဝင်သော အဖွဲ့သည် မော်တော်ယာဉ် ၁၀ စီးဖြင့် ဖေဖော်ဝါရီလ ၈ ရက်တွင် လည်းကောင်း မူဆယ် နယ်စပ် ဝင်ပေါက်မှ တစ်ဆင့် အသီးသီး ဝင်ရောက်လာခဲ့ပြီး မူဆယ်-ပြင်ဦးလွင်-မန္တလေး-အင်းလေး-ပုဂံ- လားရှိုးမြို့များသို့ သွားရောက် လည်ပတ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၃ ရက်တွင် မူဆယ်မြို့မှ တရုတ်နိုင်ငံသို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

မြန်မာနိုင်ငံသို့ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များသည် အပြည်ပြည် ဆိုင်ရာ လေကြောင်း၊ ကုန်းကြောင်း ၊ ရေကြောင်း ခရီးစဉ်များ သာမက မော်တော်ယာဉ်တန်း၊ မော်တော် ဆိုင်ကယ် ယာဉ်တန်း ၊ စက်ဘီး ယာဉ်တန်း ခရီးစဉ်များဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက် လည်ပတ်မှုမှာ တစ်နှစ် ထက်တစ်နှစ် တိုးတက် များပြားစွာ ဝင်ရောက် လည်ပတ်လျက် ရှိကြောင်း သိရသည်။ (Xinhua)