Connect with us

Social

မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာ ပွဲတော်အား စတုတ္ထ အကြိမ်မြောက်အဖြစ် ရန်ကုန်မြို့၌ ကျင်းပ

မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာ ပွဲတော် ဖွင့်ပွဲ အခမ်းအနားအား တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ)

စတုတ္ထ အကြိမ်မြောက် မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာ ပွဲတော်အား ရန်ကုန်မြို့ ၊ မရမ်းကုန်း မြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌ ယနေ့ ဒီဇင်ဘာ ၂၈ ရက်တွင် ဖွင့်ပွဲ အခမ်းအနားဖြင့် စတင် ကျင်းပ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှ မသန်စွမ်း အနုပညာရှင်များနှင့် အတူ စင်္ကာပူ နှင့် ဖိလစ်ပိုင် နိုင်ငံတို့မှ မသန်စွမ်း အနုပညာရှင်များကလည်း ပါဝင် ဖျော်ဖြေ တင်ဆက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက “အနုပညာဆိုတာ ခံစားမှူရှိတယ်။ ဖန်တီးမှူရှိတယ်။ ခံစားနိုင်တယ် ဖန်တီးနိုင်တယ်ဆိုတာ စွမ်းအင်လိုပါတယ်။ စွမ်းအားလိုပါတယ်။ အဲဒီတော့ မသန်စွမ်းများဟာ မသန်သော်လည်း စွမ်းတယ်ဆိုတာကို ပြသခြင်းဖြစ်ပါတယ်။ စွမ်းလို့ အနုပညာကို ခံစား၊ဖန်တီးနိုင်ခြင်းဖြစ်ပါတယ်။ အနုပညာကို ဖန်တီးနိုင်မှသာ အနုပညာပွဲတော်မှာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီပွဲတော်ဟာ မသန်စွမ်းများအတွက် မသန်သော်လည်း စွမ်းတယ်ဆိုတဲ့ စွမ်းအင်ကို ပိုပြီးတော့ ပြသနိုင်တယ်လို့ယူဆပါတယ်။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

 ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အဖွင့် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းများနှင့် ပတ်သက်၍ နိုင်ငံတော် အခွင့်အရေးများကို ဖော်ဆောင်ရန် အဆင့်ဆင့်ကြိုးပမ်းဆောင်ရွက်နေကြောင်း ၊ မသန်စွမ်းများနှင့် ပတ်သက်၍ ကုလသမဂ္ဂ ကွန်ဗန်းရှင်း ၂၀၁၂ကတည်းက လက်မှတ်ရေးထိုးထားပြီး ဒုတိယ သမ္မတ၂ ဦးဆောင်သော မသန်စွမ်းအခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ၊ မသန်စွမ်းများ၏ အခွင့်အရေးများကို ဖော်ဆောင်ရန် လုပ်ငန်းကော်မတီကိုလည်း ၎င်းက ဥက္ကဋ္ဌအနေဖြင့် ဆောင်ရွက်နေခြင်းများ ရှိကြောင်း ၊ ထို့အပြင် မသန်စွမ်းများ၏ လက်လှမ်းမီနိုင်ရေး၊ အဟန့်အတားများကို ဖယ်ရှားနိုင်ရေးနှင့် မသန်စွမ်းများ၏ စွမ်းနိုင်သမျှ စွမ်းသည်ကို ပြသနိုင်ရန် အတွက် မသန်စွမ်းများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိရေး၊ မသန်စွမ်းများ နှင့် ပတ်သက်ပြီး သုတေသနလုပ်ငန်းဆောင်ရွက်ရေး၊ မသန်စွမ်းအမျိုးသမီးများ ၊ မသန်စွမ်း ကလေးသူငယ်များအတွက် အပါအဝင် မသန်စွမ်းများနှင့် ပတ်သက်ပြီး တရားမျှတမှု ရှိရေး စသည့် ကဏ္ဍအသီးသီးတွင် ပြည့်စုံအောင် ဆောင်ရွက်နိုင်ရန် ဆပ်ကော်မတီ၉ခုကို ဖွဲ့စည်းပြီး အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော် ကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ) 

အဆိုပါ ပွဲတော်မှာ မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏ အနုပညာ စွမ်းရည်များကို ဖော်ထုတ် တင်ပြရန် နှင့် ၎င်းတို့၏ အနာဂတ် အခွင့်အလမ်းများ ပေါ်ထွန်း လာစေရန် ၊ အနုပညာမှ တစ်ဆင့် ပြည်သူ အများက မသန်စွမ်းသူများ အပေါ် ထားရှိသည့် အပြုသဘောဆောင်သည့် အမြင် သဘောထားများ ပိုမို ပြောင်းလဲ တိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော် ကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ) 

မြန်မာနိုင်ငံ မသန်စွမးသူများ ရှေ့ဆောင် အဖွဲ့(မီလီ)မှ စီမံကိန်း တာဝန်ခံ ဒေါ်ထက်ထက်အောင်က “အရင်တုန်းကထက်စာရင် အခုဆိုရင် မသန်စွမ်းသူတွေကို လက်တွဲခေါ်လာကြတယ်။ ပိုမိုဝင်ဆံ့လာတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးလာတယ်။ အလုပ်အကိုင်အခွင့်အလမ်းမှမဟုတ်ဘူး။ကျွန်မတို့ မျှော်လင့်တာကတော့ ကိစ္စတိုင်းမှာ  ဥပမာ ပညာရေးမှာ မသန်စွမ်းသူတွေ လူတိုင်းကျောင်းတက်ခွင့်ရချင်တာမျိုး၊ ကျန်းမာရေးမှာလည်း လက်လှမ်းမီချင်တာမျိုး အဲဒီလိုမျိုးတွေ ကဏ္ဍတိုင်းမှာ မသန်စွမ်းသူတွေပိုမိုပါဝင်လာစေဖို့ မျှော်လင့်တယ်။ ကျွန်မတို့လို မသန်စွမ်းသူတွေကို ပြောချင်တာကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှူရှိပါ။ ကျွန်မတို့က တခြားသူတွေနည်းတူ လုပ်နိုင်တယ်ဆိုတာကို ပြသနိုင်မှ သိမှာ၊ လက်တွဲဆွဲခေါ်မှာဆိုတော့။ ကျွန်မတို့လို မသန်စွမ်းသူတွေကို အားမလျှော့စေချင်ဘူး။ စိတ်ဓာတ်မကျစေချင်ဘူး။ ယုံကြည်မှူရှိစေချင်တယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော် ကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ) 

မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာ ပွဲတော်တွင် ဖျော်ဖြေ တင်ဆက်မှုများ အဖြစ် ထာဝရ မြန်မာ တေးသရုပ်ဖော်ခြင်း အပါအဝင် တပင်တိုင် အဆို ၊ ဆီမီးခွက် အက ၊ Talent Dance ၊ Magic in the air ၊ Zemba Dance ၊ Wheel-Chair Dance စသဖြင့် ဖျော်ဖြေတင်ဆက်မှုများအား စင်္ကာပူ နိုင်ငံ ၊ ဖိလစ်ပိုင် နိုင်ငံ နှင့် မြန်မာနိုင်ငံတို့မှ မသန်စွမ်း အနုပညာရှင် ၆၀ ဦး နှင့် အနုပညာရှင်များ ၊ နိုင်ငံကျော် အဆိုတော်များစွာက ပါဝင် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော် ကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ) 

မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော် ကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ) 

ပွဲတော်တွင် ပါဝင်ဖျော်ဖြေ တင်ဆက်ခဲ့သည့် စင်္ကာပူ နိုင်ငံမှ Redeafination အကအဖွဲ့က “ကျွန်တော်တို့လိုမျိုး မသန်စွမ်းသူတွေ တစ်စုတစ်စည်းထဲ စင်မြင့်တစ်ခုတည်းမှာ ဖျော်ဖြေခွင့် ရတဲ့ အတွက်ကြောင့် ကောင်းတဲ့ ပွဲတော် တစ်ခုပါပဲ။ဒါက မြန်မာနိုင်ငံမှာ ကျွန်တော်တို့ အဖွဲ့က လာရောက် ဖျော်ဖြေတာ ဒုတိယ အကြိမ် ဖြစ်ပါတယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့(မီလီ)၏ အမှုဆောင် ဒါရိုက်တာ ဦးနေလင်းစိုးက ပွဲတော်အား မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ ၊ စွမ်းရည် နှင့် စွမ်းဆောင်နိုင်မှုများကို နိုင်ငံတော်နှင့် နိုင်ငံသားတို့က အသိအမှတ် ပြုလာစေရန် ၊ မသန်စွမ်းသူများ၏ အနုပညာ စွမ်းရည်များကို ရှုမြင် ခံစား အားပေးခြင်းဖြင့် မသန်စွမ်းသူများ အပေါ် ထားရှိသည့် အမြင် သဘောထား ခံယူချက်များ တိုးတက် ပြောင်းလဲ လာစေရန် ၊ မသန်စွမ်းသူများသည် နိုင်ငံရေး ၊ လူမှုရေး ၊ စီးပွားရေး ၊ ယဉ်ကျေးမှု ရေးရာ နယ်ပယ်များတွင် အခြားသူများ နှင့် တန်းတူ ပေါင်းစည်း ပါဝင်လာနိုင်စေရန် ၊ မသန်စွမ်းသူ အနုပညာရှင်များနှင့် မြန်မာနိုင်ငံ အတွင်းရှိ အနုပညာရှင်တို့ ကွန်ရက်များ ချိတ်ဆက်၍ ဆက်သွယ် ဆောင်ရွက် လာနိုင်စေရန် ၊ မသန်စွမ်းသူများသည် အနုပညာ နယ်ပယ်တွင် ပိုမို ပါဝင်နိုင်ခြင်းဖြင့် ၎င်းတို့၏ စွမ်းရည် နှင့် စွမ်းဆောင်နိုင်မှုများကို ဖော်ထုတ် မြှင့်တင်ပေးရန် ၊ မသန်စွမ်းသူများ၏ အနာဂတ် အနုပညာ လမ်းခရီး အတွက် စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် ဌာနဆိုင်ရာ  အဖွဲ့အစည်း အသီးသီး နှင့် ပိုမို ပူးပေါင်း ဆောင်ရွက် နိုင်စေရန် ကျင်းပရခြင်း ဖြစ်ကြောင်း ဖွင့်ပွဲ အခမ်းအနားတွင် ရှင်းလင်း ပြောကြားခဲ့သည်။ 

စတုတ္ထ အကြိမ်မြောက် မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော်အား လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ လမ်းညွှန် ပူးပေါင်း ဆောင်ရွက်မှု ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ခွင့်ပြုပံ့ပိုးမှုတို့ဖြင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့(မီလီ)က တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ကြောင်း သိရသည်။မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော်အား ပထမ အကြိမ် အဖြစ် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် လည်းကောင်း ၊ ဒုတိယ အကြိမ် အဖြစ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် လည်းကောင်း ၊ တတိယ အကြိမ် အဖြစ် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် လည်းကောင်း ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)