Connect with us

Social

အာခါ တိုင်းရင်းသား ရိုးရာ စုပေါင်း နှစ်သစ်ကူး ပွဲတော် ရှမ်းပြည်နယ် မိုင်းခတ်မြို့နယ်၌ ကျင်းပ

အာခါတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော် အခမ်းအနား မြင်ကွင်း(ဓာတ်ပုံ - Information and Public Relations Department)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် အာခါတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော် အခမ်း အနားကို ဒီဇင်ဘာ ၂၈ ရက်တွင် မိုင်းခတ်မြို့နယ် ၊ မြို့မအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပ ပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

အဆိုပါ နှစ်သစ်ကူးပွဲတော်သည် အာခါတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုး၍ ဆက်လက် ထိန်းသိမ်း မြှင့်တင် နိုင်စေရန် ၊ ရပ်နီးရပ်ဝေးမှ အာခါတိုင်းရင်းသားများ ပြန်လည်ပေါင်းစည်း တွေ့ဆုံချစ်ကြည်ရင်းနှီးမှု ရှိစေရန်၊ အခြား တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့် ရင်းနှီးကျွမ်းဝင်မှု ရရှိစေရန်၊ သွေးစည်းညီညွတ်မှုကို ဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍ နှစ်စဉ်အထွဋ်အမြတ်ထား ကျင်းပ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

အခမ်းအနားတွင် အာခါစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးအားဖာထံမှ ပေးပို့သော နှစ်သစ်ကူး သဝဏ်လွှာကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားမဲက ဖတ်ကြားခဲ့ပြီး မိုင်းခတ်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရိန်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူ၊ မိုင်းခတ်မြို့နယ် အာခါစာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌ ဦးအားဂေ၊ အာခါစာပေနှင့် ယဉ်ကျေးမှု ဒုတိယဥက္ကဋ္ဌ ဦးဒါယေလှတို့က နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၁၈-၂၀၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၊ နှစ်သစ်ကူး အလှူရှင်များနှင့် (၄၅)ကြိမ်မြောက် အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူး အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသော ရဲတပ်ဖွဲ့အသင်းနှင့် အာခါလူငယ်အသင်းအား တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ပြီး အာခါတိုင်းရင်းသားရိုးရာ မြေဝိုင်းအကများ၊ တေးသရုပ်ဖော်အကများ၊ အိုးစည်ဗုံမောင်းအကများဖြင့် ကပြဖျော်ဖြေကြကြောင်း သိရသည်။(Xinhua)