Connect with us

Social

မြန်မာနိုင်ငံ လူငယ် မူဝါဒကို ဇွန်လကုန်တွင် အပြီး ရေးဆွဲနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံ လူငယ် မူဝါဒ ရေးဆွဲရေး ဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-Relief and Resettlement Department - Myanmar)

ရန်ကုန် ၊ မေ ၂၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံလူငယ်မူဝါဒ ရေးဆွဲခြင်းကို ၂၀၁၆ ခုနှစ် ၊ မေလ ၉ ရက်တွင် စတင် ဆောင်ရွက်ခဲ့ရာ ယခုနှစ် ဇွန်လကုန်တွင် အပြီး ရေးဆွဲနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ သိရသည်။

ဖြစ်ပေါ်လာမည့် လူငယ် မူဝါဒသည် လူငယ်ထု အားလုံးကို လွှမ်းခြုံနိုင်မှု ရှိရန် လိုအပ်ကြောင်း၊ လက်တွေ့ကျပြီး ထိထိ ရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သော မူဝါဒ ဖြစ်စေရန် အထူးအလေးထား ဆောင်ရွက်ပေးကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ ပြုလုပ်သည့် မြန်မာနိုင်ငံ လူငယ် မူဝါဒ ရေးဆွဲရေး ဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးတွင် တိုက်တွန်း ပြောကြားခဲ့သည်။ယခုအခါတွင် မြန်မာနိုင်ငံလူငယ်မူဝါဒ မူကြမ်းရေးဆွဲပြီး ဖြစ်သဖြင့် အတည်ပြု ပြဌာန်းနိုင်ရေး အတွက် လုပ်ငန်းကော်မတီ(ပထမအကြိမ်) အစည်းအဝေး ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် ၏ အနာဂါတ်ကို ပုံဖော်ကြမည့် နိုင်ငံတော်၏တာဝန်များကို လက်ဆင့်ကမ်းတာဝန်ယူကြမည့် လူငယ်များသည် မိမိတို့၏ တန်ဘိုးရှိသော အလားအလာများကို သိမြင်ကြရန် လိုအပ်ကြောင်း၊ အရည်အသွေး ပြည့်ဝပြီး မိမိတို့၏ အစွမ်းအစကို ဖော်ထုတ်ပြသနိုင်ပြီး လူမှုကျင့်ဝတ်များကို လေးစားလိုက်နာ သူများအဖြစ် တာဝန်ယူစိတ်ဖြင့် ဆောင်ရွက်တတ်သူများဖြစ်လာစေရန် လူငယ်မူဝါဒကို ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့သည်။(Xinhua)