Connect with us

Social

မြန်မာ့ပင်လယ်ပြင်အတွင်း ငါး ၊ ပုစွန် ဖမ်းဆီးခွင့်ပြုနိုင်မှု တန်ချိန် ဝ ဒသမ ၁ သန်း သာရှိတော့ဟု ဆို 

ရန်ကုန်မြစ်အတွင်းရှိ ငါးဖမ်းလှေတစ်စီးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

မြန်မာ့ပင်လယ်အတွင်း ရေသယံဇာတ ငါး ၊ ပုစွန် တည်ရှိမှုသည် ၁၉၇၉-၁၉၈၀ခုနှစ်တွင် အမြင့်ဆုံး ငါးဖမ်းဆီး ထုတ်လုပ်နိုင်မှု ပမဏအနေဖြင့် တန်ချိန် (၁ ဒသမ ၀၅)သန်း ရှိခဲ့ရာမှ လက်ရှိတွင် ဖမ်းဆီးခွင့်ပြုနိုင်မှုသည် တန်ချိန် ဝ ဒသမ ၁ သန်းသာရှိတော့ကြောင်း  စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။ 

“ဒါကြောင့်ကျွန်တော်တို့ ငါးမဖမ်းရရာသီကို ၂၀၂၀ပြည့်နှစ်မှာ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်  ဆိုပြီးသုံးလသတ်မှတ် တာကနေ ၂၀၂၁ မှာ တော့ ဧပြီ လ ကိုရှေ့တိုးသတ်မှတ် သွားမှာပါ။ လရှေ့တိုးရတဲ့ အကြောင်းက ဖေဖော်ဝါရီ ၁၅ ရက် က ဧပြီ ၁၅ ရက်အတွင်းမှာ ငါးမျိုးစိတ်တော်တော်များများ ငါးသားပေါက်တယ် လို့သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိတဲ့ အအတွက် အခုလိုဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အဲဒီကာလမှာ မြန်မာ့ပင်လယ်ပြင် ကမ်းဝေးရေပြင် အားလုံးကို လုံးဝ ငါးမဖမ်းရဘူး ဆိုပြီး သတ်မှတ်တာပါ။ ငါးသယံဇာတတွေ ပြန်လည်တိုးပွားလာအောင်ရည်ရွယ်ပြီးလုပ်ဆောင်တာဖြစ်ပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ 

သုတေသနပြုချက်များအရ ရေပေါ်လွှာ ငါးသယံဇာတသည် ၁၉၇၉-၈၀ ခုနှစ် တွင် တန်ချိန်(၁)သန်းခန့်ရှိရာမှ ၂၀၁၃-၂၀၁၅ နှင့် ၂၀၁၈ ခုနှစ်များ၏ ရေပေါ်လွှာ ငါးထုထည် ပမာဏသည် တန်ချိန်(ဝ.၁၅၅)သန်း သာ ရှိတော့သဖြင့် (၈၀%)ခန့်လျော့နည်းသွားကြောင်း၊ ရေအောက် ငါးတည်ရှိမှုပမာဏသည် ယခင်က တန်ချိန်(ဝ.၇၅)သန်း ရှိရာမှ လက်ရှိတွင် တန်ချိန်(ဝ.၃၀၆)သန်း သာရှိတော့သဖြင့် (၆၀%)ခန့် လျော့နည်းသွားကြောင်းသိရသည်။

“ဒါကြောင့် ငါးမဖမ်းရကာလ ကမ်းဝေးငါးဖမ်းလုပ်ငန်းမှာ ငါးဖမ်းမယ် ဆိုရင် ပထမအကြိမ်စည်းကမ်းဖောက်ဖျက်ခဲ့ပါက  မြန်မာငွေကျပ် သိန်း ၃၀ ဒဏ်ရိုက်တယ်။ ပြီးရင် ငါးဖမ်းခွင့်ကို  ၃လနားခိုင်းပါတယ်။ ဒုတိယ အကြိမ် ဆိုရင် သိန်း ၆၀ နဲ့ ၆ လနားခိုင်းပါတယ်။ လှေရော၊လှေပေါ်ပါပစ္စည်းရော သိမ်းယူတာတွေလည်း ဆောင်ရွက်လျက်ရှိပါတယ်’’ ဟု ၎င်းက ဆက်လက်၍ ရှင်းပြသည်။

မြန်မာ့ရေပိုင်နက်ပိုင်ဧရိယာအတွင်း ကမ်းဝေးငါးဖမ်း အကွက်ပေါင်း ၁၄၀ ရှိကြောင်း၊  တစ်ကွက်လျှင် မိုင်၃၀ ပတ်လည် ရှိကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် မြန်မာ့ပင်လယ်ပြင်ရှိ  ငါးသယံဇာတ ပြန်လည်ပေါများလာစေရေးအတွက် လုပ်သင့် လုပ်ထိုက်သည်များအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥပဒေချိုးဖောက်မှုရှိပါက ထိထိရောက်ရောက်အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  (Xinhua)