Connect with us

Social

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် လျှောက်လှမ်းခဲ့သော ပြည်ထောင်စု ခရီး အပါအဝင် အစိုးရ၏ ပြုပြင် ပြောင်းလဲရေး  စာအုပ်များ မိတ်ဆက် ဖြန့်ချိ

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့် အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် လျှောက်လှမ်းခဲ့သော ပြည်ထောင်စု ခရီးလမ်း စာအုပ် အပါအဝင် နိုင်ငံတော် အစိုးရ၏ ပြုပြင် ပြောင်းလဲရေး  စာအုပ်များ မိတ်ဆက် ဖြန့်ချိခြင်း အခမ်းအနား ကို နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ စုပေါင်း အစည်းအဝေးခန်းမ၌ ယနေ့ ညနေပိုင်းတွင် ကျင်းပခဲ့ပြီး ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက အခမ်းအနားသို့ တက်ရောက်လာ သည့် အဖွဲ့အစည်းများမှ ကိယ်စားလှယ်များအား စာအုပ်လက်ဆောင်များ ပေးအပ်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က “ပြည်သူတွေက ရွေးချယ် တင်မြှောက်ထားတဲ့ ပြည်သူ့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အများ ပြည်သူတွေ သိအောင်လို့ အခုလို စာအုပ်တွေ ဖြန့်ချိရတာ ဖြစ်ပါတယ်၊ နိုင်ငံတော် အစိုးရအနေနဲ့လည်း အများ ပြည်သူက ရွေးချယ် တင်မြှောက်လိုက်တဲ့ အစိုးရ ဖြစ်လို့ မိမိတို့ ဆောင်ရွက်ချက်တွေကို အများပြည်သူကို ပြန်ပြီး အစီရင်ခံဖို့ ဖြစ်ပါတယ်” ဟု အဆိုပါ အခမ်းအနား အဖွင့် အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းထွန်းနိုင်က ဝန်ကြီးဌာနများ ကိုယ်စား မုဒိတာ စကား ပြောကြားစဉ် (ဆင်ဟွာ)

 

 ဥပဒေပြုရေး မဏ္ဍိုင်မှ ကိုယ်စားလှယ်က စာအုပ်များ လက်ခံ ရယူစဉ် (ဆင်ဟွာ)

အုပ်ချုပ်ရေး မဏ္ဍိုင်မှ ကိုယ်စားလှယ်က စာအုပ်များ လက်ခံ ရယူစဉ် (ဆင်ဟွာ)

တရားစီရင်ရေး မဏ္ဍိုင်မှ ကိုယ်စားလှယ်က စာအုပ်များ လက်ခံ ရယူစဉ် (ဆင်ဟွာ)

တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ကိုယ်စားလှယ်က စာအုပ်များ လက်ခံ ရယူစဉ် (ဆင်ဟွာ)

 

အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာနမှ ကိုယ်စားလှယ်က စာအုပ်များ လက်ခံ ရယူစဉ် (ဆင်ဟွာ)

အမျိုးသား စာကြည့်တိုက်မှ  ကိုယ်စားလှယ်က စာအုပ်များ လက်ခံ ရယူစဉ် (ဆင်ဟွာ)

 

မီဒီယာ ကိုယ်စားလှယ်က စာအုပ်များ လက်ခံ ရယူစဉ် (ဆင်ဟွာ)

ယခု မိတ်ဆက် ဖြန့်ချိသည့် နိုင်ငံတော် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး မှတ်တမ်း စာအုပ်များတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် အငြိမ်းစား သမ္မတ ဦးထင်ကျော်တို့၏ မိန့်ခွန်းများ၊ အမှာစကား နှင့် သဝဏ်လွှာများ စာအုပ်များ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်း ခဲ့ သော ပြည်ထောင်စု ခရီးလမ်း စာအုပ်၊ ၎င်း၏ မိန့်ခွန်း၊ အမှာစကားနှင့် သဝဏ်လွှာများ စာအုပ်၊ နိုင်ငံတော် အစိုးရ၏ လေးနှစ်တာ ကာလ ပြည်သူ့ အတွက် ပြုပြင် ပြောင်းလဲ တိုးတက်ရေး ဆောင် ရွက် ချက်များ စာအုပ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ၏ အစည်းအဝေး မှတ်တမ်း စာအုပ်၊ စသဖြင့် စာအုပ်ပေါင်း ၁၇ အုပ် ပါဝင်ကြောင်း၊ အဆိုပါ စာအုပ်များကို ဖတ်ရှုခြင်း အားဖြင့် နိုင်ငံတော်အကြီးအကဲများ၏ အတွေးအမြင်၊ ခံယူချက်၊ ယုံကြည်ချက်၊ သဘောထားများကို သိရှိနိုင်မည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်း အားထုတ်မှု သမိုင်းကို သိရှိနိုင်မည် ဖြစ်ကြောင်း၊ သတင်းမီဒီယာများအတွက်လည်း ကိုးကားစရာ အထောက်အထားများ ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ပြည်ထောင်စု ဝန်ကြီးက စာအုပ်များ ပေးအပ်ပြီးသည့်အခါ တက်ရောက်လာကြသည့် ဝန်ကြီးဌာနများ ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းထွန်းနိုင်က မုဒိတာ စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ (Xinhua)