Connect with us

Social

မြို့ပြ အင်္ဂါရပ် ဖွံ့ဖြိုးမှု နှင့် ကိုက်ညီစေရန် ပိုမို စနစ်ကျရေး အထပ်မြင့် အဆောက် အအုံများ ဆောက်လုပ်ခွင့် အသေးစိတ် စိစစ်သွားမည်

ရန်ကုန်မြို့တွင်း ဆောက်လုပ်လျက်ရှိသော အထပ်မြင့် အဆောက်အအုံ တစ်လုံး အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၄ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့အတွင်း အထပ်မြင့် အဆောက် အအုံများ ဆောက်လုပ်ခွင့်အား မြို့ပြ အင်္ဂါရပ် ဖွံ့ဖြိုးမှုနှင့် ကိုက်ညီစေရန် ပိုမို စနစ်ကျရေး အတွက် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်း၍ အသေးစိတ် စိစစ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်း မူအားဖြင့်သာ ခွင့်ပြုချက် ရရှိထားပြီး ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အပြီးသတ် အတည်ပြု ထုတ်ပေးသော ဆောက်လုပ်ခွင့်ပြုမိန့် မရရှိသေးသည့် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ခြင်း လုပ်ငန်းများကို ခေတ္တရပ်ဆိုင်း ထားကြပါ ရန်နှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့က ကွင်းဆင်း စစ်ဆေးပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက ဆောက်လုပ်ခွင့်အား ဆက်လက် ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့်များအား စိစစ်ခွင့်ပြုရာတွင် ၉ ထပ်မှ ၁၂ ထပ်ခွဲထိ အဆောက် အအုံ များအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကော်မတီဝင်များ အစည်း အဝေးမှ လည်းကောင်း၊ ၁၃ ထပ်နှင့် အထက် အဆောက်အအုံများအား ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ အစည်းအဝေးမှ လည်းကောင်း စိစစ်ပြီး မူအားဖြင့် ခွင့်ပြုပေးကြောင်း သိရသည်။

ထိုသို့ ”မူ” အားဖြင့် ခွင့်ပြုချက် ရရှိပြီးသော ၉ ထပ်မှ ၁၂ ထပ်ခွဲအထိ အဆောက်အအုံများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်မှု ဆိုင်ရာ စံချိန်စံညွှန်းများ စစ်ဆေးရေးနှင့် ကြီးကြပ်ရေးအဖွဲ့ (HIC) မှလည်းကောင်း၊ ၁၃ ထပ်နှင့် အထက် အဆောက် အအုံများအား အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ် စစ်ဆေးရေး ပညာရှင်အဖွဲ့ (CQHP) မှ လည်းကောင်း Design များကို စိစစ်ပြီး အဆင့်အလိုက် Design စိစစ် ထောက်ခံချက်များ ရရှိမှသာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ) မှ ဆောက်လုပ်ခွင့်ပြုမိန့်များကို အပြီးသတ် အတည်ပြု ထုတ်ပေးလျက် ရှိကြောင်း သိရသည်။ (Xinhua)