Connect with us

Social

သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်များပိုမိုများပြားလာခြင်းကြောင့် ၊ သက်ငယ်မုဒိမ်းမှုများ ဖြေရှင်းဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

သက်ငယ်မုဒိမ်းမှုများ ဖြေရှင်းဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-- လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်များပိုမိုများပြားလာခြင်းကြောင့်ပြည်သူလူထုစိတ်နှလုံးမချမ်းမြေ့ဖွယ် ဖြစ်ရပြီး မြန်မာ့လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာညှိုးနွမ်းစေသဖြင့် နိုင်ငံအတွင်းရှိ ကလေးသူငယ်များ၏ လူမှုဘဝများ လုံခြုံရေးအတွက် သက်ငယ်မုဒိမ်းမှုများဖြေရှင်းဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာဝင်းမြတ်အေးက “လတ်တလောဖြစ်ပွားနေသောသက်ငယ်မုဒိန်းမှုများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး၊ကျူးလွန်ခံရသောကလေးသူငယ်များအတွက် ကျန်းမာရေး၊စိတ်ပိုင်း၊ရုပ်ပိုင်းစောင့်ရှောက်မှုနှင့် ဥပဒေကြောင်းအရကူညီပံ့ပိုးရေးတို့ကိုထိထိရောက်ရောက်ဖြင့် အမြန်ဆုံးဖြေရှင်းနိုင်ရေး’’ ဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊နေပြည်တော်ကောင်စီဝင်၊အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီများမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဌာနဆိုင်ရာအဖွဲ့အစည်းများမှ အရာရှိကြီးများတက်ရောက်ခဲ့ကြပြီးညှိနှိုင်းအစည်းအဝေးတွင်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုအစီအစဉ်များ၊ပြည်ထဲရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသက်ငယ်မုဒိမ်းမှု ဖြေရှင်းဆောင်ရွက်ရေးဆိုင်ရာအချက်အလက်များရှင်းလင်းတင်ပြခြင်း၊ သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ တုံ့ပြန်ဖြေရှင်းဆောင်ရွက်ရေးနည်းလမ်းများအဆိုပြုတင်ပြခြင်းနှင့် ယင်းအဆိုပြုချက်အပေါ်ဝိုင်းဝန်းသုံးသပ်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သက်ငယ်မုဒိမ်းမှုများသည် ဖြစ်စဉ်များအရကျေးလက်ဒေသများတွင်အများဆုံးဖြစ်ပွားလျက်ရှိသကဲ့သို့ မြို့ပြများတွင်လည်းမြို့စွန်ရပ်ကွက်များ၌အများဆုံးဖြစ်ပွားလျက်ရှိနေပါသည်။ သို့ဖြစ်၍ သက်ငယ်မုဒိမ်းမှုများပပျောက်စေရေးအတွက် ရေတို၊ ရေရှည်လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်ရန်နှင့် ကျေးရွာများအထိအသိပညာပေးမှုလုပ်ငန်းများကိုအုပ်ချုုပ်ရေးအဖွဲ့များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် လူမှုအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ပေးခြင်း၊ လူစည်ကားရာဈေး၊ ကားဂိတ်၊ ရေဆိပ်စသည့်နေရာများတွင် အသိပညာပေးဆိုင်းဘုတ်များထူထောင်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်သွားရန်၊ အဆိုပါသက်ငယ်မုဒိမ်းမှုကျူးလွန်သူများကိုထောင်ဒဏ် နှစ်(၂၀)အထိပြစ်ဒဏ်ပေးနိုင်ကြောင်းသိရှိစေရန်အသိပညာပေးကြရန်ဆွေးနွေးဆုံးဖြတ်ပြီးရေရှည်ဆောင်ရွက်ရမည့် ကိစ္စများကိုဆက်လက်အကောင်အထည်ဖော်ကြရန် ဆုံးဖြတ်ခဲ့ကြကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.