Connect with us

Social

နိုင်ငံတကာနှင့် EU ဈေးကွက်သို့ ရေသတ္တဝါ မွေးမြူရေး လုပ်ငန်း၊ ရေထွက် ပစ္စည်းများအား တန်ဖိုးမြှင့် ထုတ်ကုန် ပစ္စည်းများအဖြစ် တင်ပို့ ရောင်းချနိုင်ရေး အကောင်အထည် ဖော်မည်

မြန်မာ့ ရေသတ္တဝါ မွေးမြူရေး လုပ်ငန်း ရေရှည် တည်တံ့ရေး အစီအစဉ် စီမံကိန်း အကောင်အထည်ဖော်မှု သဘောတူညီချက် လက်မှတ် ရေးထိုးစဉ်(ဓာတ်ပုံ-မွေးရေ/ကျေးလက်)

ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)

နိုင်ငံတကာနှင့် EU ဈေးကွက်သို့ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ရေ သတ္တဝါ မွေးမြူရေး လုပ်ငန်း၊ ရေထွက် ပစ္စည်းများအား တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်၍ အဆင့်အတန်း မီတင်ပို့ ရောင်းချနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနထံမှ သိရသည်။

ထိုစီမံကိန်းများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် EU-GIZ တို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင် ရွက် မည့် မြန်မာ့ ရေသတ္တဝါ မွေးမြူရေး လုပ်ငန်း ရေရှည် တည်တံ့ရေး အစီအစဉ် (Myanmar Sustainable Aquaculture Program MYSAP) စီမံကိန်း အကောင်အထည်ဖော်မှု သဘောတူညီချက်အရ ဖြစ်ကြောင်း သိရသည်။စီမံကိန်းကာလမှာ ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၅ နှစ်ကြာ ဆောင်ရွက် မည် ဖြစ်ပြီး စီမံကိန်း လျာထား ငွေကိုEU မှ ယူရိုသန်း ၂၀ နှင့် ဂျာမန်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာန(BMZ)မှ ယူရို ၂.၅ သန်း စုစုပေါင်း ယူရို ၂၂.၅ သန်းအား စီမံကိန်းကာလ အတွင်း ကျခံ သုံးစွဲ သွားမည် ဖြစ် ကြောင်း သိရသည်။

ယင်းစီမံကိန်းအရ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စားနပ်ရိက္ခာဖူလုံရေး၊ ဘေးန္တရာယ် ကင်းသော ရေထွက်ကုန် ပစ္စည်းများကို ဒေသနေ ပြည်သူများ ဖူလုံမှု ရှိစေပြီး အာဟာရ ပြည့်မီစွာ စားသုံးနိုင်ရေး အတွက် မွေးမြူရေးကဏ္ဍအား မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ယခုစီမံကိန်း ဆောင်ရွက်ခြင်း အားဖြင့် သဘာဝငါး သယံဇာတ ထိန်းသိမ်းရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုမည့်အပြင် မြန်မာနိုင်ငံ၏ ရေသတ္တဝါမွေးမြူရေးကဏ္ဍဖွံ့ဖြိုးလာစေနိုင်သည်နှင့်အမျှ ငါးလုပ် ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသောပြည်သူများ၏ ဝင်ငွေတိုးတက် ရရှိ နိုင်မှု၊ စားနပ်ရိက္ခာဖူလုံမှု၊ အလုပ်အကိုင်နှင့်အခွင့်အလမ်းတိုးပွားစေနိုင်မှု စသည်တို့အပေါ်တွင်လည်းအထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း သိရသည်။မြန်မာ့ ရေသတ္တဝါ မွေးမြူရေး လုပ်ငန်း ရေရှည် တည်တံ့ရေး အစီအစဉ် စီမံကိန်း အကောင်အထည်ဖော်မှု သဘောတူညီချက်အား ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်နှင့် EU-GIZ မှ Country Director ဖြစ်သူDr.PefraSchill တို့မှ နိုဝင်ဘာလ ၂၁ ရက်တွင် နေပြည်တော်၌ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။(Xinhua)