Connect with us

Social

အိန္ဒိယနိုင်ငံတွင် ပြစ်ဒဏ်ကာလ ပြီးဆုံးသည့် မြန်မာရေလုပ်သား ၁၂ ဉီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ

မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော ရေလုပ်သားများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၊ ပို့ဘလဲအကျဉ်းထောင်တွင် ပြစ်ဒဏ်ကာလ ပြီးဆုံး၍ Open Distress Camp တွင် ထိန်းသိမ်းခံထားရသော မြန်မာရေလုပ်သား ၁၂ ဦးသည် မြန်မာနိုင်ငံ ၊ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိ သူများက လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

မြန်မာရေလုပ်သား ၁၂ ဦးသည် ရန်ကုန်မြို့သို့ စက်တင်ဘာ ၂၉ ရက်တွင် လေကြောင်းလိုင်းဖြင့် ပြန်လည် ရောက်ရှိလာခဲ့ပြီး မြန်မာရေလုပ်သားများအား မြန်မာနိုင်ငံသို့ ခေါ်ဆောင်ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နယူးဒေလီမြို့ရှိ မြန်မာသံရုံးနှင့် ကိုလ်ကတ္တားမြို့ရှိ မြန်မာကောင်စစ် ဝန်ချုပ်ရုံး တို့မှတစ်ဆင့် အိန္ဒိယနိုင်ငံရှိ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံသားဆိုင်ရာ မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ်ထုတ်ပေးခြင်းတို့အား ပြည်ထဲရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနတို့နှင့် ပေါင်းစပ်ဆောင်ရွက်ပေးခြင်းတို့အပြင် သက်ဆိုင်ရာ တာဝန်ရှိ သူများကလည်း လေဆိပ်တွင် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေလုပ်သားများ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေးအတွက် နယူးဒေလီ မြို့ရှိ မြန်မာသံရုံးနှင့် ကိုလ်ကတ္တားမြို့ရှိ မြန်မာကောင်စစ်ဝန် ချုပ်ရုံး တို့သည် လိုအပ်သည့် ကူညီဆောင်ရွက်မှုများဖြစ်သည့် မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်ထုတ် ပေးခြင်း၊ အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း၊ အပြန် လေယာဉ် လက်မှတ်များ ၏အား ကူညီဆောင်ရွက်ပေးသည့် မြန်မာနိုင်ငံသားပိုင် ဖိုးလမင်း ကုမ္ပဏီနှင့် ညှိနှိုင်း ဆောင်ရွက် ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပို့ဘလဲ- ကိုလ်ကတ္တား- ရန်ကုန်ခရီးစဉ်ဖြင့် ပြန်လည် ပို့ဆောင်ခဲ့ခြင်းဖြစ်ကာ အဆိုပါ မြန်မာရေ လုပ်သားများအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဌာနတို့မှ တာဝန်ရှိသူများက တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။(Xinhua)