Connect with us

Social

ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းများရှိ မြန်မာ ရွှေ့ပြောင်း လုပ်သား ၁၄၅၀၀၀ ခန့်ကို CI ထုတ်ပေးရန် ဆောင်ရွက်လျက်ရှိ

ရွှေ့ ပြောင်း လုပ်သားများ ဘေးကင်းရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့  အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အဖွင့် မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းများနှင့် ဆက်စပ် လုပ်ငန်းများရှိ မြန်မာ ရွှေ့ပြောင်း လုပ်သား ၁၄၅၀၀၀ ခန့်ကို CI ထုတ်ပေးရန် ဆောင်ရွက်လျက်ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ထိုင်းနိုင်ငံရှိ ငါးဖမ်း လုပ်ငန်းတွင် လုပ်ကိုင်နေသော မြန်မာ ရွှေ့ပြောင်း လုပ်သားများ ဘေးအန္တရာယ် များ သိရှိနားလည်ရေး ကာကွယ်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရေလုပ်သား ၄၁၁၂၅ ဦး၊ ရေလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများတွင် လုပ်ကိုင်နေသော မြန်မာ လုပ်သား ၄၅၄၀၀ ဦးနဲ့ ရေထွက် ပစ္စည်း စက်ရုံများမှာ လုပ်ကိုင်နေတဲ့ မြန်မာ လုပ်သားက ၅၈၇၄၁ ဦး ရှိကြောင်း သိရလို့ သူတို့ကို CI (Certificate of Identity) ထုတ်ပေးနိုင်ဖို့ ဆက်လက် ဆောင်ရွက်နေပါတယ်” ဟု နေပြည်တော် Grand Amara Hotel တွင် ယနေ့ ပြုလုပ်ခဲ့သော အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ၌ ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် ထိုင်းနိုင်ငံရှိ ငါးဖမ်း လုပ်ငန်းများနှင့် ရေထွက်ပစ္စည်း လုပ်ငန်းများ၌ ထိုင်း နိုင်ငံမှ ထုတ်ပေးထားသည့် TR 38 ကိုင်ဆောင်ထားသော အထောက်အထားမဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သားများအား လေးနှစ်သက်တမ်းရှိ CI စာအုပ် ထုတ်ပေးထားသောကြောင့် ထိုင်းနိုင်ငံ အလုပ် အကိုင်ဌာနမှ ခရိုင်အလိုက် ပေးပို့သော အလုပ်သမား စာရင်းအရ TR 38 ကိုင်ဆောင်ထား သည့် ရေလုပ်သား ၄၄၂၂၀ ဦးရှိကြောင်းနှင့် ကျန် လုပ်သားများကိုပါ IC ထုတ်ပေးနိုင်ရေးအတွက် ယခု ကဲ့သို့ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

မှတ်တမ်း ဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

ထို့အပြင် ရေလုပ်သားများသည် ထိလွယ် ရှလွယ်သူများ ဖြစ်သောကြောင့် စဉ်ဆက်မပြတ် စောင့်ကြည့်ခြင်း၊ ပုံမှန် မဟုတ်သည့် လုပ်ငန်းများ ဖြစ်၍ အကျိုးခံစားခွင့် မရရှိနိုင်ခြင်း တို့ကြောင့် လုပ်ငန်းခွင် အကြိုသင်တန်းပေးခြင်း၊မိသားစုနှင့် ဆက်သွယ်နိုင်ရေး၊ လုပ်ခ လစာအပြည့်အ၀ ရရှိနိုင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု အပါအဝင် ရေလုပ်သားများ၏ လူမှု ဘ၀ လုံခြုံ စိတ်ချမှု ရှိစေမည့် လုပ်ငန်းခွင် ထိခိုက်မှု အာမခံနှင့် အသက်အာမခံ ထားရှိနိုင်ရေး ဆောင်ရွက်ပေးရန် ညှိနှိုင်း ဆွေးနွေးပေးလျက် ရှိကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

“အလုပ်သမားတွေ ခေါင်းပုံဖြတ် ခံရမှု ၊ လူကုန်ကူးခံရမှုများ လျောနည်းစေဖို့ ဆက်စပ်ဝန်ကြီးဌာန များ၊ အဖွဲ့အစည်းများနှင့် လူမှု ကွန်ယက်များ အကြား သတင်း အချက်အလက်များ ဖြန့်ဝေခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းများ အားကောင်းဖို့လည်းလိုပါတယ်၊ လုပ်ခလစာကောင်းပြီး ကာကွယ် စောင့်ရှောက်မှု အပြည့်အဝပေးနိုင်ငတဲ့ ပြည်ပနိုင်ငံ၇ှိ ငါးဖမ်း လုပ်ငန်းသို့ အလုပ်သမားများ တရားဝင် စေလွှတ်နိုင်ရေး အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ အပြင် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်နဲ့ ညှိနှိုင်း ဆွေးနွေးလျက်ရှိပါတယ်၊ ငါးလုပ်ငန်း ဦးစီးဌာနက ပင်လယ် ငါး လုပ်ငန်း ဥပဒေ ရေးဆွဲလျက်ရှိရာ ရေလုပ်သားများအတွက် ပြဌာန်းချက်များလည်း ပါရှိ သောကြောင့် ဥပဒေ ပေါ်ထွက်လာပါက ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း အသိပေးပြောကြားလိုပါ တယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

အဆိုပါ အခမ်းအနားသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူကုန် ကူးမှုနှင့် လုပ်အား ခေါင်းပုံဖြတ်မှုတို့နှင့် စပ်လျဉ်းပြီး သတင်းအချက်အလက် စုဆောင်းခြင်း၊ သုတေ သန လုပ်ငန်း ဆောင်ရွက်ခြင်း စသည်တို့ ပြုလုပ်နိုင်အောင် Face Book တွင် Issara Myanmar Page တင်ထားသည့် Issara Institute မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ ကိုယ်စားလှယ်များ၊ UN, INGO, NGO များမှ ကိုယ်စားလှယ်များ၊ ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.