Connect with us

Social

YBS ယာဉ်လိုင်းများအနေဖြင့် ယာဉ်စီးခ ပိုမိုတောင်းခံမှုများရှိလာပါက ယာဉ်လိုင်းပိတ်သိမ်းသည်အထိ အရေးယူမှုများပြုလုပ်သွားမည်

ရန်ကုန်မြို့လယ်တွင် ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

YBS စီးနင်းသူလျော့ကျနေသည့်အချိန်တွင် YBS ယာဉ်လိုင်းများအနေဖြင့် ယာဉ်စီးခပိုမိုတောင်းခံမှုများရှိလာပါက ၎င်းယာဉ်လိုင်း၏ ကျူးလွန်မှုပေါ်မူတည်၍ ယာဉ်လိုင်းပိတ်သိမ်းသည်အထိ အရေးယူမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ဆင်ဟွာသို့ အောက်တိုဘာ ၁၀ ရက်တွင်တွင်ပြောသည်။

“ယာဉ်စီးခပိုတောင်းတာမျိုးရှိရင် ကျွန်တော်တို့ရဲ့ YRTA Complain Center ကို ပြည်သူတွေအနေနဲ့ အကြောင်းကြားပေးဖို့မေတ္တာရပ်ခံချင်ပါတယ်’’ ဟု၎င်းက ဖြည့်စွက်ပြောကြားသည်။

လက်ရှိတွင် ယာဉ်လိုင်းတချို့မှာ သတ်မှတ်ယာဉ်စီးခထက်ပိုမိုတောင်းခံမှုများရှိနေကြောင်း၊ ထိုကဲ့သို့ကြုံတွေ့ရပါက ခရီးသည်များအနေဖြင့် ယာဉ်စီးခပိုမိုတောင်းခံလိုက်သော မော်တော်ယာဉ်နံပါတ်နှင့် ဖြစ်စဉ်ကို YRTA Complain Center သို့ အကြောင်းကြားရန်လိုကြောင်း၊ ပြစ်မှုပြစ်ဒဏ်ပေါ်မူတည်၍ ယာဉ်လိုင်းပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

YBS ယာဉ်လိုင်းများအနေဖြင့် စည်းကမ်းချိုးဖောက်မှုရှိလာပါက YRTA တွင် မှတ်ပုံတင်ထားသော ယာဉ်လုပ်သားဟုတ်မဟုတ်အားစစ်ဆေး၍ ကျူးလွန်သည့်ဖြစ်စဉ်ပေါ်မူတည်ကာ ယာဉ်မောင်းသာမက ယာဉ်လိုင်းများကိုပါ အရေးယူမှုများပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။  

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၉ ရက်နေ့တွင် YBS ယာဉ်လိုင်း (၈၇) လိုင်းမှ မော်တော်ယာဉ်စီးရေ (၁,၂၄၄) စီးဖြင့် ခရီးသည် (၁၂၃,၂၆၇) ဦးကို သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)