Connect with us

Social

YBS ယာဉ်များတွင် ကတ်စနစ်ဖြင့် ယာဉ်စီးခ ပေးချေမှု ၆ လ အတွင်း ပြည်သူများ စတင် အသုံးပြုနိုင်မည်


ရန်ကုန် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ)

ခရီးသွား ပြည်သူများ အနေဖြင့် YBS ယာဉ်များတွင် ကတ်စနစ်ဖြင့် ယာဉ်စီးခ ပေးချေမှုအား ၆ လ အတွင်း စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့(YRTA) နာယက ဦးဖြိုးမင်းသိန်းက ယနေ့ ပြောကြားခဲ့သည်။

YBS ယာဉ်များတွင် ကတ်စနစ်ဖြင့် ယာဉ်စီးခ ပေးချေမှုအား ၆ လအတွင်း အားလုံး ကျင့်သုံး သွားနိုင်သည့် အဆင့် ဖြစ်ရန် ၊ ၉ လ အကျော်တွင် စီးသလောက်သာ ငွေပေးချေ ရသည့် စနစ်ကို ပြောင်းလဲနိုင်ရန် နှင့် ကတ်များကို လက်လှမ်းမီရာတွင် ဝယ်ယူနိုင်ရန် ကားမှတ်တိုင်များ၏ ဘေးတွင် ရောင်းချပေးနိုင်ရန် ကြိုးစား ပြင်ဆင် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ်က ယနေ့ရန်ကုန်မြို့၌ ကျင်းပခဲ့သော YRTA ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

YRTA အနေဖြင့် ယခုစနစ်အား အောင်မြင်သည် အထိ ဆက်ပြီး ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ်က အခမ်းအနားအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

YBS စနစ်ကို နောက်တဆင့် မြှင့်တင်သည့် အနေဖြင့် တစ်ဆင့် ထပ်တက်ရန် Payment Card စနစ် အောင်မြင် ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ဝန်ကြီး တစ်ဦး ဖြစ်သူ နော်ပန်းသဉ္ဇာမျိုးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကတ်စနစ် အကြောင်း ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

YRTA ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား ကျင်းပစဉ်(ဆင်ဟွာ)

YBS ယာဉ်များတွင် ကတ်စနစ်ဖြင့် ယာဉ်စီးခ ပေးချေမှု နမှုနာ ပုံစံအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

YBS ယာဉ်များတွင် ကတ်စနစ် ကျင့်သုံးနိုင်ရန် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် စတင် တင်ဒါခေါ်ယူ ဆောင်ရွက် ခဲ့ပြီး တင်ဒါ ခေါ်ယူမှု လုပ်ငန်းစဉ် တစ်နှစ်ခွဲ ကြာမြင့်ခဲ့ပြီးနောက် ကုမ္ပဏီပေါင်း ၅၆ ခု အနက်မှ Asia Starmer Transport Intelligence(ASTI)Co.,Ltd ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အခု ဒီအခြေအနေနဲ့ပတ်သတ်ပြီး ပထမဆုံး MOU ထိုးပါတယ်။ MOU ထိုးပြီးတဲ့ အခြေအနေမှာ MIC ကို တင်ဖို့အတွက် Master Agreement ထိုးဖို့လုပ်ထားပါတယ်။MIC ခွင့်ပြုချက် ရပြီ ဆိုတဲ့ အခြေအနေ ကြလို့ ရှိရင် တပ်ဆင်မှု လုပ်ငန်းတွေကို စတင်သွားမှာ ဖြစ်ပါတယ်။နောက်ဆုံး အဆင့်ကို အားလုံး သဘောတူပြီး ဖြစ်ပါတယ်။”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

YBS ယာဉ်များတွင် ကတ်စနစ်ဖြင့် ယာဉ်စီးခ ပေးချေမှုအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရပိုင် Yangon Payment Service Co.,Ltd နှင့် Asia Starmer Transport Intelligence(ASTI)Co.,Ltd တို့အကြား Master Agreement ကို မကြာမီ လက်မှတ် ရေးထိုးပြီးချိန်မှ စတင်၍ ၉ လအတွင်း လိုအပ်သော စက်ကရိယာများကို ကားအစီးရေ ၄,၀၀၀ တွင် တပ်ဆင်မည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

ကနဦး တပ်ဆင်မည့် ယာဉ်အစီးရေ ၂,၀၀၀ တွင် YPS Card စနစ်ဖြင့် ယာဉ်စီးခ ပေးချေမှုကို ၆ လအတွင်း ပြည်သူများ စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

YBS စတင် အကောင်အထည် ဖော်စဉ် ယာဉ်စီးရေ ၃၉၅၆ စီးဖြင့် စတင်ပြေးဆွဲခဲ့ရာမှ ယခုအခါ ၆၅၅၀ စီးဖြင့် ခရီးသွား ပြည်သူ ၂.၃ သန်းကို နေ့စဉ် သယ်ယူ ပို့ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့(YRTA)၏ စီမံမှု အောက်တွင် အများပြည်သူ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ အဖြစ် မြို့တွင်းခရီးသည် သယ်ယူ ပို့ဆောင်ရေး(YBS) ၊ အဝေးပြေး ခရီးသည် သယ်ယူ ပို့ဆောင်ရေး ၊ ရေကြောင်း သယ်ယူ ပို့ဆောင်ရေး ၊ ကုန်တင် နှင့် ကုန်စည် ပို့ဆောင်ရေး ၊ အဌားယာဉ် သယ်ယူ ပို့ဆောင်ရေး ၊ ကျောင်းကား သယ်ယူ ပို့ဆောင်ရေး တို့ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.