Connect with us

Sport

ကျောင်း နှင့် တက္ကသိုလ်တို့တွင် လူငယ်ဘောလုံးပြိုင်ပွဲများ ပုံမှန်ကျင်းပသွားရေးအတွက် ပညာရေး ဝန်ကြီးဌာန နှင့် ဘောလုံးအဖွဲ့ချုပ်တို့ ဆွေးနွေး

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နှင့် ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုအဆင့် တာဝန်ရှိသူများဆွေးနွေးပွဲ အပြီးမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ဘောလုံးအားကစား ထွန်းကားရေး၊ လူငယ်ဘောလုံး ပြိုင်ပွဲများ ပုံမှန်ကျင်းပသွားရေးအတွက် ပညာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) တို့ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ ဘောလုံးအဆင့်အတန်း မြင့်မားလာစေရေး၊ အခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်ဘောလုံးပြိုင်ပွဲများ ပိုမိုကျင်းပပေးနိုင်ရေး တို့အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နှင့် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုအဆင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၃ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး MFF မှရေးဆွဲထားသည့် Youth Development Strategic Plan (လူငယ်စီမံကိန်း) အား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အထက်တန်းကျောင်းများနှင့် တက္ကသိုလ်အဆင့် ကျောင်းများ အသီးသီးတွင် လူငယ်ဘောလုံး ပြိုင်ပွဲများ ပုံမှန်ကျင်းပသွားရေးအတွက် ဝိုင်းဝန်း ဆွေးနွေးခဲ့ကြကြောင်း၊ ဆွေးနွေးပွဲတွင် ကျောင်းများ၏ ပညာသင်ကြားရေး အချိန်ဇယားတွင် အားကစား ပြုလုပ်ချိန်များ ထည့်သွင်းပေးရေးကို MFF မှအကြံပြုတင်ပြခဲ့ပြီး ဒိုင်သင်တန်းများ၊ နည်းပြသင်တန်းများကိုလည်း MFF မှဦးစီးဖွင့်လှစ်ပေးသွားရန်လည်း တင်ပြဆွေးနွေးခဲ့သည်။ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှလည်း ကျောင်းများတွင် ပြိုင်ပွဲများ ကျင်းပရေးနှင့် လူငယ်ဖွံဖြိုးရေး စီမံကိန်းများ ပူးပေါင်းဆောင်ရွက်သွားရေးကိုလည်း လမ်းညွှန်မှာကြားခဲ့ပြီး ယင်းအတွက် ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ခဲ့သည်။

ဆွေးနွေးချက်များအရ လူငယ်ဘောလုံး ပြက္ခဒိန်များ ရေးဆွဲကျင်းပရေး၊ နိုင်ငံ့လက်ရွေးစင် အသင်းများ၊ နိုင်ငံတကာ အဆင့်မီ လူငယ်ကစားသမားများ ပေါ်ထွက်လာရေး၊ နည်းပြသင်တန်းများ၊ လူငယ်ဘောလုံး ပွဲတော်များ၊ ယူ၁၁၊ ယူ၁၃၊ ယူ ၁၅ အမျိုးသမီး အမျိုးသား ပြိုင်ပွဲများ၊ ဖူဆယ်ပြိုင်ပွဲများ စသဖြင့် ပြိုင်ပွဲအသီးသီး နှစ်စဉ်ကျင်းပသွားရေးတို့ကို ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ အတူတကွ ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်သည်။ အရေးကြီးဆုံး အချက်ဖြစ်သည့် လူငယ်ပြိုင်ပွဲများအတွက် ဘောလုံး ပြက္ခဒိန် ရေးဆွဲဆောင်ရွက်ရာတွင် ဖီဖာ ယူ၁၇၊ ယူ၂၀၊ AFC ယူ၁၉၊ ယူ ၂၃၊ AFF ယူ၁၈၊ ယူ၁၆ ပြိုင်ပွဲများ အတွက် ထည့်သွင်းစဉ်းစား ရေးဆွဲရေး၊ သက်တမ်းအလိုက် လက်ရွေးစင်အသင်းများအတွက် အမှန်တကယ် အကျိုးရှိစေမည့် ပွဲစဉ်များဖြစ်ရေး တို့ကို ဦးစားပေး ရေးဆွဲသွားရန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လူငယ်ပြိုင်ပွဲများ ကျင်းပရာတွင် ကုန်ကျစရိတ် အခက်အခဲ၊ ကစားကွင်းများလိုအပ်မှု၊ အသက်မှန်ကန်စွာ ယှဉ်ပြိုင်ရေး အစရှိသည့် စိန်ခေါ်မှုများကိုလည်း အထက်ပါ ဝန်ကြီးဌာန ၂ ခုနှင့် MFF တို့ အတူတကွဖြေရှင်းကာ နိုင်ငံ၏ ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် ညှိနှိုင်းသဘောတူဆုံးဖြတ်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် ပညာရေး ဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် လာမည့် အောက်တိုဘာလ (၆)ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် လည်း တွေ့ဆုံပြီး မြန်မာ့ဘောလုံးလောက တိုးတက်ရေး၊ လူငယ်နှင့်အားကစားဖွံဖြိုးရေးကဏ္ဍများကိုဆက်လက်တင်ပြဆွေးနွေးအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.