Connect with us

Sport

တောင်တက် အားကစား ပစ္စည်းများအား အခွန်လျှော့ကောက်ဖို့လိုပြီ

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဧဝရတ် တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့် တောင်တက်အားကစားသမား ၃ ဦးအား ဂုဏ်ပြု ချီးမြှင့်ခြင်း အခမ်းအနား၌ အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

တောင်တက် အားကစားသုံး ပစ္စည်းများ ပြည်ပမှ တင်သွင်းရာတွင် အကောက်ခွန်များ လျှော့ချဖိုလိုသည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့ နံနက်တွင် ပြောခဲ့သည်။

“တောင်တက်တဲ့အခါမှာ ဖိနပ်ကအစ တုတ်တံတွေ အပါအဝင် ပစ္စည်းကိရိယာတွေ အများကြီး လိုပါတယ်။ ဒီပစ္စည်းတွေကို သွင်းတဲ့အခါမှာ ကျွန်တော်တို့ စဉ်းစားရမှာက Tax free မရရင်တောင် တော်တော့်ကို လျှော့တဲ့ Tax ကို ကောက်သင့်ပါတယ်။ သို့မှသာလျှင် ကျွန်တော်တို့ နိုင်ငံအနေနဲ့ဒီပစ္စည်းကို ဝယ်နိုင်မယ်။ မဟုတ်လို့ ရှိရင် ဒီတောင်တက်တဲ့ ပစ္စည်းက ဈေးလည်း ကြီးပါတယ်၊ ထုတ်တဲ့ နိုင်ငံကိုလိုက်လို့ပေါ့။ ဒီပစ္စည်းတွေကို Tax reduction ရအောင် ကျွန်တော်တို့ စဉ်းစားဖို့လိုပါတယ်။ ဝန်ကြီးဌာန အချင်းချင်း ညှိပြီး ဆောင်ရွက်သင့်ပါတယ်” ဟု ပေ ၂၉,၀၀၀ ကျော် အမြင့်ရှိ ကမ္ဘာ့ အမြင့်ဆုံး ဧဝရက် တောင်ထိပ်သို့ ၂၀၁၆ မေလ ၁၉ ရက်တွင် တက်ရောက်နိုင်ခဲ့သည့် Technical Climbing Club of Myanmar အသင်းသား မြန်မာလူငယ် သုံးဦးအား ဂုဏ်ပြုသည့် အခမ်းအနားတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဒေါက်တာ မြင့်ထွေးက “ပစ္စည်းတွေ ဝယ်ပြီးရင်လည်း တိုင်းနဲ့ပြည်နယ်မှာ ဆိုင်ခွဲလေးတွေ ပေါ့လေ။ ထားပြီးရောင်းနိုင်အောင်လုပ်ဖို့ လိုပါတယ်။ ဘာလို့ လဲဆိုတော့ ချင်းပြည်နယ်မှာရှိတဲ့ တောင်တက်ချင်တဲ့ တစ်ယောက်က ရန်ကုန်အထိ လာပြီး ဝယ်ဖို့မလွယ်ပါဘူး။ ဒါကြောင့် ချင်းပြည်နယ်မှာ ရှိတဲ့ အားကစားနဲ့ ကာယပညာ ဦးစီးဌာနတွေနဲ့အဖွဲ့ချုပ်တွေက ဘယ်လ စီစဉ်ပေးနိုင်မလဲ စဉ်းစားဖို့လိုပါတယ်” ဟုလည်း ပြောခဲ့သည်။

ဧဝရတ် တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့် တောင်တက် အားကစားသမား ၃ ဦးအား ဂုဏ်ပြု ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပစဉ် (ဆင်ဟွာ)

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဧဝရက် တောင်ထိပ်၌ မြန်မာနိုင်ငံအလံကို လွှင့်ထူနိုင်ခဲ့သော ကို ပြည့်ဖြိုးအောင်အား ဂုဏ်ပြုဆု ချီးမြှင့်နေစဉ် (ဆင်ဟွာ)

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဧဝရက် တောင်ထိပ်၌ မြန်မာနိုင်ငံအလံကို လွှင့်ထူနိုင်ခဲ့သော ကိုဝင်းကိုကို အား ဂုဏ်ပြုဆု ချီးမြှင့်နေစဉ် (ဆင်ဟွာ)
နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း၏ Glod Camp ရှိ ခန်းမဆောင်တွင် ယနေ့ နံနက် ၁၀ း ၀၀ နာရီ၌ ပြုလုပ်ခဲ့သည့် အဆိုပါဂုဏ်ပြုပွဲသို့ ဧဝရက် တောင်ထိပ်၌ မြန်မာနိုင်ငံအလံကို လွှင့်ထူနိုင်ခဲ့သော လူငယ်သုံးဦး အနက်ကို ပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုကိုတို့တက်ရောက်ခဲ့ပြီး ကိုညီညီအောင်ကမူ နိုင်ငံခြားတွင် အလုပ်လုပ် နေသဖြင့် မတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ ထိုလူငယ်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက တစ်ဦးလျှင် ကျပ်ငွေ ဆယ်သိန်းနှင့် ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ချီးမြှင့်ခဲ့သည်။
အဆိုပါ နိုင်ငံ့ ဂုဏ်ဆောင် တောင်တက်သမား သုံးဦးတို့အတွက် အထူးဂုဏ်ယူပါကြောင်း၊ ထိုသုံးဦး၏ တောင်တက်ခ ရီးစဉ် အစအဆုံးအတွက် sponsor ပေးခဲ့သည့် ထူးဖောင်ဒေးရှင်းအားလည်း အထူး ကျေးဇူးတင်ရှိကြောင်း ဝန်ကြီးက ပြောခဲ့ပြီး တောင်တက် အားကစားကို မြန်မာလူငယ်တို့ ပိုမို စိတ်ဝင်စားလာအောင် လုပ်ဆောင်သင့်ကြောင်းလည်း တိုက်တွန်း ပြောကြားခဲ့သည်။
“တောင်တက်အားကစားဟာ ဘယ်လို စွန့်စားခန်းတွေ ဘယ်လို အခက်အခဲတွေကို ဘယ်လို ကျော်လွှားရတယ် ဆိုတဲ့ အတွေ့အကြုံတွေ ရစေတယ်။ မှန်ကန်သော စွန့်စားလိုစိတ်ကို လှုံ့ဆော်ပေးနိုင်တယ်။ စိတ်ပိုင်းရော ရုပ်ပိုင်းမှာပါ ကြံ့ခိုင်ရုံ မကဘဲ လျှပ်တပြက် ဖြတ်ထိုးဉာဏ်နဲ့ အမြန်ဆုံးဖြတ် ဆောင်ရွက်နိုင်တဲ့ အရည်အချင်းတွေလည်း ရစေတယ်။ မြန်မာနိုင်ငံမှာ တောင်တွေ အများကြီး ရှိပါတယ်။ တောင်တွေကို တက်ခြင်းအားဖြင့် ဒီလို စိတ်ဓာတ်မျိုးတွေကို ရနိုင်တဲ့အတွက် တောင်တက် အားကစားကို အထူး အားပေးဖို့လိုပါတယ်။ MOHS ဝန်ကြီးဌာန အနေနဲ့လည်း ဒီအားကစားကို လူငယ်တွေ စိတ်ဝင်စားလာအောင် ဘယ်လို လုပ်ရင် ကောင်းမလဲဆိုတာ ရေရှည် အတွက် Road Map ဆွဲပြီး ကြိုးပမ်းသွားဖို့ လိုပါတယ်။ ကျောင်းတွေမှာ တက္ကသိုလ်တွေမှာ ပုံမှန် ဟောပြောပွဲလေးတွေ လုပ်ပေးဖို့ လိုပါမယ်။ Mount Everest တက်ခဲ့တဲ့ ဗီဒီယိုတွေ၊ နောက် တောင်တက်အဖွဲ့သမား သုံးဦးနဲ့အင်တာဗျူးတာတွေကို ရုပ်သံလိုင်းတွေကနေပြီး ပြဖို့လည်း လိုပါတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် “မြန်မာနိုင်ငံ ခြေလျင်နဲ့ တောင်တက်အဖွဲ့ကို ဖွဲ့စည်းခဲ့တာ ကြာပါပြီ။ အရာရာတိုင်းဟာ အမြဲပြောင်းလဲနေတဲ့ အတွက် ပြောင်းလဲနေတဲ့ အချိန်နဲ့ ကိုက်ညီအောင် ဘယ်အဖွဲ့အစည်းပဲ ဖြစ်ဖြစ် ဒါထက်ပိုကောင်းတဲ့ ၊ ဒါထက် ပိုမို ထိရောက်တဲ့ တောင်တက် အဖွဲ့ဖြစ်အောင် ဘယ်လို လုပ်မလဲဆိုတာ self-review တွေ လုပ်ဖို့လိုပါမယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.