Connect with us

Sport

မြန်မာကြက်တောင်အားကစားမယ်သက်ထားသူဇာ အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် မလေးရှားနိုင်ငံမှ ကြက်တောင်ကလပ်တွင် လေ့ကျင့်လျက်ရှိ

ကြက်တောင်မယ် သက်ထားသူဇာအားတွေ့ရစဉ် (ဓာတ်ပုံ-- သက်ထားသူဇာ Facebook)

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

၂၀၂၀ အိုလံပစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရန် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာမလေးရှားနိုင်ငံ ၌ ကာလတိုလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

သက်ထားသူဇာသည် ဇန်နဝါရီ ၄ ရက်ကတည်းက မလေးရှားနိုင်ငံ၌လေ့ကျင့်နေခြင်းဖြစ်ပြီး ဇန်နဝါရီ တတိယပတ်အထိ လေ့ကျင့်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကြက်တောင် ချန်ပီယံဖွင့်လှစ်ထားသည့် မလေးရှားနိုင်ငံရှိ ကြက်တောင်ကလပ်တွင် သွားရောက်လေ့ကျင့်နေခြင်းဖြစ်ပြီး နှစ်ပတ်ကျော်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သက်ထားသူဇာသည် ဇန်နဝါရီ ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပသည့် Perodua Malaysia Masters 2020 ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သက်ထားသူဇာသည် ယင်းပြိုင်ပွဲတွင် လက်ရည်စစ်ပွဲအဆင့်မှ ယှဉ်ပြိုင်ခဲ့ရပြီး ဟောင်ကောင်ကစားသမားကို အရေးနိမ့်ခဲ့သောကြောင့် လက်ရည်စစ်ပွဲ မအောင်မြင်ခဲ့ပေ။ Perodua Malaysia Masters 2020 ပြိုင်ပွဲမှာ ကမ္ဘာ့ ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပနေသည့် ပြိုင်ပွဲများအနက် Grade-2 အဆင့်ရှိ HSBC BWF World Tour Super 500 ပြိုင်ပွဲလည်းဖြစ်သည်။

သက်ထားသူဇာသည် ၂၀၁၈ ခုနှစ်ကုန်ခါနီးမှ စတင်ကာ နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှုများ ဆက်တိုက်ရယူနိုင်ခဲ့သူဖြစ်သည်။ အိုလံပစ် ပြိုင်ပွဲဝင်ခွင့်ရရန် ဧပြီလအထိ ပြိုင်ပွဲများယှဉ်ပြိုင်ရမည်ဖြစ်ရာ သက်ထားသူဇာ အနေဖြင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်မြင့်မားရန်နှင့် အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဇန်နဝါရီ  ၁၂ ရက်ထုတ်ကြေးမုံသတင်းစာတွင်ပါရှိသည်။  (Xinhua)