Connect with us

Sport

ရွှေခါးပတ် ချန်ပီယံ ဗိုလ်လုပွဲ ဖျံသွေး (မြန်မာ) နှင့် ဆူတာဝမ် (ထိုင်း) တို့ အထူး စိန်ခေါ်ပွဲ ယှဉ်ပြိုင် ထိုးသတ်မည်

ဖျံသွေး (မြန်မာ)နှင့် ဆူတာဝမ်(ထိုင်း)တို့ အားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး H & S Group က တာဝန်ယူ ကျင်းပလျက်ရှိသော အဋ္ဌမ အကြိမ်မြောက် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ နောက်ဆုံး ဖိုင်နယ် ပွဲစဉ် ရွှေခါးပတ် ချန်ပီယံလုပွဲကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူရိုးရာ လက်ဝှေ့ အားကစားရုံ၌ ဇူလိုင်လ ၁ဝ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပ မည်ဖြစ်ပြီး၊ ပြည်ပ အထူးစိန်ခေါ်ပွဲဖြစ်သည့် ဖျံသွေး (မြန်မာ) နှင့် ဆူတာဝမ် (ထိုင်း) တို့ အထူးစိန်ခေါ်ပွဲအဖြစ် ယှဉ်ပြိုင် ထိုးသတ်မည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံး ရွှေခါးပတ်ချန်ပီယံလုပွဲတွင် ဝိတ်တန်းအလိုက် ငါးချီပြည့် ယှဉ်ပြိုင်ထိုးသတ်မည့် တွဲဆိုင်း ခုနစ်ဆိုင်းပါဝင်ပြီး အထူးစိန်ခေါ်ပွဲများအဖြစ် ပြည်တွင်းတစ်ပွဲနှင့် ပြည်ပတစ်ပွဲတို့ကို ထည့်သွင်း ကျင်းပသွားမည်ဖြစ်သည်။ ပြည်တွင်း လေးချီ အထူးစိန်ခေါ်ပွဲတွင် ဟံသာဝတီ (အဖြူရောင်သွေးသစ်) နှင့် ဆလိုင်း ချမ်းမြေ့ကို (ထွန်းသွင်) ကလပ်တို့ ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်ပြီး ပြည်ပ အထူးစိန်ခေါ်ပွဲ အဖြစ် ဖျံသွေးနှင့် ဆူတာဝမ်တို့ ငါးချီ အထူးစိန်ခေါ်ပွဲ အဖြစ် ရေကုန်ရေခန်းယှဉ် ပြိုင်ထိုးသတ်ကြမည် ဖြစ်သည်။ ဖျံသွေးသည် ရိုးရာလက်ဝှေ့လောကသို့ ချင်းနင်း ဝင်ရောက်လာသည်မှာ အချိန်အားဖြင့် ကြာမြင့်မ မရှိသေးသော်လည်း ရိုးရာလက် ဝှေ့လောကတွင် မာဂုဏ်မြင့်ပြီး ယှဉ်ပြိုင် ထိုးသတ်ခဲ့သည့်ပွဲတိုင်း အသည်းမာ၊ ဇွဲပါ လှသဖြင့် ယခုကဲ့သို့ အချိန်တိုအတွင်း ဒုတိယတန်း လက်ဝှေ့ကျော်အဖြစ် လူသိများ လာခြင်းဖြစ်သည်။

ဖျံသွေး၏ ငယ်နာမည်မှာ အောင်နိုင်ထူးဖြစ်ပြီး မွေးဖွားနေထိုင်ရာ ဇာတိမြေမှာ ကရင်ပြည်နယ် ဘားအံမြို့ဖြစ်ကာ ယခုလက်ရှိ ရွှေမိုးထိငြိမ်းချမ်း ရေးရိုးရာလက်ဝှေ့ကလပ်တွင် လေ့ကျင့်ကစားနေသူ ဖြစ်သည်။ ၎င်းသည် အသက် ၂ဝ၊ အရပ်အမြင့် ငါးပေ ငါးလက်မ၊ ကိုယ်အလေးချိန် ၆၈ ကီလိုရှိပြီး လက်ဝယ်ပိုင် ဆိုင်ထားမှု ဆုတံဆိပ်များ အနေဖြင့် ကရင်ပြည်နယ်အောင် လံနှစ်ဆု၊ ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ် သတ္တမကြိမ်မြောက် ကျင်းပခဲ့သည့် ရွှေခါးပတ် ချန်ပီယံလုပွဲ ၇၁ ကီလို တန်းတွင် ရွှေခါးပတ်ဆုကို ဆွတ်ခူးခဲ့သူ ဖြစ်သည်။ ယှဉ်ပြိုင် ထိုးသတ်ခဲ့သည့် ၃၁ ပွဲတွင် နိုင်ပွဲ ၂၃ ပွဲနှင့် သရေခုနစ်ပွဲ ရလဒ် ပိုင်ဆိုင်ထားကာ ယနေ့ချိန်အထိ ရှုံးပွဲမရှိ စံချိန်တင်သည့် မြန်မာ့ရိုးရာလက်ဝှေ့ လောကဒုတိယတန်း လက်ဝှေ့ကျော် တစ်ဦးဖြစ်သည်။

ဖျံသွေး (မြန်မာ) နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ဆူတာဝမ် (ထိုင်း) သည် အသက် ၂၉ နှစ်၊ အရပ် ငါးပေ ခြောက်လက်မရှိကာ ယခုလက်ရှိ ယှဉ်ပြိုင် ထိုးသတ်ခဲ့သည့် ၉၅ ပွဲ တွင် နိုင်ပွဲ ၆၅ ပွဲ၊ ရှုံးပွဲ ၂၇ ပွဲနှင့် သရေသုံးပွဲ ရလဒ်ပိုင်ဆိုင်ထားသည့် မွေထိုင်းလက်ဝှေ့ကျော် တစ်ဦးဖြစ်သည်။ ၎င်းသည်လည်း လက်သီး အသိမ်းအနုတ် သေသပ်ကာ ပါဝါပြင်းထန် အားပါလှသည့် တိုက်ခိုက်ရေးသမား တစ်ဦးဖြစ်ပြီး အထူးသဖြင့် တံတောင် ရိုက်ချက်ကို ပြိုင်ဘက်တိုင်း သတိပြုကစားရသည့် မွေထိုင်းလက်ဝှေ့ကျော် တစ်ဦးဖြစ်သည်။

ရွှေခါးပတ် ချန်ပီယံ နောက်ဆုံး ဗိုလ်လုပွဲများနှင့် ပြည်ပ အထူးစိန်ခေါ်ပွဲအတွက် ရိုးရာ လက်ဝှေ့ချစ်ပရိသတ်များ လာရောက်ကြည့်ရှု အားပေးလိုလျှင် ရုံဝင်လက်မှတ်များ ကို ငွေကျပ် ၃ဝ,ဝဝဝ၊ ငွေကျပ် ၂၅,ဝဝဝ နှင့် ရိုးရိုးတန်းငွေကျပ် ၁ဝ,ဝဝဝ သတ်မှတ်ထား ကာ ကြိုတင်လက်မှတ်များ မှာယူလိုပါက ဇော်ပစ်တိုင်းထောင် ဗီဒီယို ဖုန်း-ဝ၉- ၇၃ဝဝ၉၆၈၆ နှင့် ဝ၉-၂၅၄၂၁၄၁၆ဝ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ (Xinhua)