Connect with us

Sport

၂၀၂၀ အာဆီယံ ဖူဆယ်ပြိုင်ပွဲကို  ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် နောက်ဆုတ်ကျင်းပမည်

MFF Myanmar Futsal League 2019-2020 week 22 တွင် ယှဉ်ပြိုင်ကစားနေမှု တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF Futsal)

ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) 

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၀ အာဆီယံ ဖူဆယ်ပြိုင်ပွဲကို  COVID-19 ရောဂါကြောင့် သတ်မှတ်ရက်ထက် နောက်ဆုတ်ခဲ့ရပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောသည်။

၎င်းက “ဖူဆယ်နဲ့ ပတ်သက်ပြီး ပြိုင်ပွဲတွေ ကျင်းပနိုင်ဖို့ အစိုးရတရားဝင်ထုတ်ပြန်ချက်အရ  ပြိုင်ပွဲတွေ ကျင်းပလို့ရပြီဆိုတာ ကိုစောင့်နေတာ။ ပြိုင်ပွဲကျင်းပခွင့်ရရင် အကြမ်းလျာထားတာ သြဂုတ်လလောက်မှာ ဖူဆယ်ပြိုင်ပွဲ ရန်ကုန်မှာ လုပ်ဖို့ရှိတယ်။ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် အသင်းတွေ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်တယ်။  အဲ့ဒါက ဖူဆယ်ရှုံးထွက်ဖလား ပြိုင်ပွဲပေါ့။ အသင်းပေါင်း ၁၄ သင်း၊ ၁၅ သင်းလောက်ပါမယ်။ ဖူဆယ်ရှုံးထွက်ဖလား ပြိုင်ပွဲပြီးတာ နဲ့ လက်ရွေးစင်ကစားသမားရွေးချယ်မှုတွေ ဆက်လုပ်လို့ရတယ်။’’ ဟုပြောသည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့သောရက်ပိုင်းတွင်  ပြိုင်ပွဲကျင်းပရေးကော်မတီအစည်းအဝေး ပြုလုပ်ခဲ့ပြီး ယင်းပြိုင်ပွဲနှင့်ပတ်သက်၍ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အာဆီယံဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင်အဆင့် ပြိုင်ပွဲဖြစ်သည့် အာဆီယံဖူဆယ်ပြိုင်ပွဲကို ၂၀၀၁ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး မြန်မာအသင်းသည် ၂၀၀၆ ခုနှစ်တွင်  စတင်ယှဉ်ပြိုင်ခဲ့သည်။   မြန်မာ့လက်ရွေးစင်အသင်းသည် အာဆီယံဖူဆယ်ပြိုင်ပွဲတွင် ဒုတိယ တစ်ကြိမ်၊ တတိယ နှစ်ကြိမ် ရရှိဖူးပြီး ၂၀၁၆ ပြိုင်ပွဲတွင် ဒုတိယ၊ ၂၀၀၆ နှင့် ၂၀၁၇ ပြိုင်ပွဲတွင် တတိယဆုတို့ အသီးသီး ရရှိခဲ့သည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း နည်းပြချုပ်အဖြစ် နယ်သာလန်နိုင်ငံသား  ပီတာဟာမန်စ်ကို ခန့်အပ်ရန် သဘောတူညီမှုရထားပြီး ကိုရိုနာဗိုင်းရပ်စ်အခြေအနေ တည်ငြိမ်သွားပါက အပြီးသတ် စာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတကာလေဆိပ်တွေဖွင့်ရင် ဖူဆယ်အသင်း နည်းပြချုပ်အဖြစ် နယ်သာလန်နိုင်ငံသား  ပီတာဟာမန်စ်ကိုယ်တိုင် လက်ရွေးစင်အသင်းကို လေ့ကျင်ကိုင်တွယ်ပေးသွားမှာဖြစ်တယ်’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။ မြန်မာ အသင်းသည် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ၂၀၁၉ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သော်လည်း တတိယ နေရာလုပွဲတွင် အရေးနိမ့်ခဲ့ကြောင်း သိရသည်။   (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.