Connect with us

Sport

၂၀၂၁ ရာသီ Myanmar National League (MNL) အမှတ်ပေးပြိုင်ပွဲအပါအဝင် ပြည်တွင်းဘောလုံး ပြိုင်ပွဲများအား ဧပြီလ၌ပြန်လည်စတင်နိုင်ရန်လျာထား

Myanmar National League ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-- Myanmar National League)

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 ရောဂါအခြေအနေပေါ်မူတည်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ၂၀၂၁ ဘောလုံးရာသီ Myanmar National League (MNL) အမှတ်ပေးပြိုင်ပွဲအပါအဝင် ပြည်တွင်းဘောလုံး ပြိုင်ပွဲများကို ဧပြီလ၌ ပြန်လည်စတင်နိုင်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း Myanmar National League အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ဆင်ဟွာသို့ ဇန်နဝါရီ ၂၁ ရက်တွင်ပြောသည်။

ဦးစိုးမိုးကျော်က “MNL -1အမှတ်ပေးပြိုင်ပွဲကို ဧပြီလကနေ စက်တင်ဘာလအထိ ၊MNL-2 (ပထမတန်း) အမှတ်ပေး ပြိုင်ပွဲကို မေလကနေ ဩဂုတ်လအထိ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ထွက်ပြိုင်ပွဲကို ဇွန်လကနေ စက်တင်ဘာလအထိ အမျိုးသမီးလိဂ် ပြိုင်ပွဲကို ဧပြီလက ဇူလိုင်လအထိ MNL ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲကို မေလကနေ နိုဝင်ဘာလအထိကျင်းပဖို့လျာထားတယ်။ ဒါပေမယ့် COVID-19 ရောဂါအခြေအနေပေါ်မှာပဲ မူတည်နေပါတယ်’’ ဟုပြောသည်။

၂၀၂၀ပြည့်နှစ်တွင် MNL ပြိုင်ပွဲ ကျင်းပခဲ့သည့် အချိန်သည် COVID-19 ရောဂါဖြစ်ပွားနေကြောင်း၊ ယခုကာလသည် COVID-19 ရောဂါတွေ့ရှိမှုနှုန်းကျဆင်းနေသည့်အချိန်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဧပြီလလောက်မှာဆိုရင် COVID-19 အခြေအနေပေါ်မူတည်ပြီး လုပ်လို့ရတဲ့အနေအထားပေါ်မှာ အကောင်းဆုံး လုပ်သွားမှာပါ။ ပရိသတ်တွေ ကွင်းထဲဝင်လို့ရမရဆိုတာက COVID-19 အခြေအနေပေါ်မူတည်တယ်။ ပရိသတ်မပါနိုင်ဘဲကျင်းပရရင်တော့ TV ချန်နယ်တွေကနေတဆင့် ထုတ်လွှင့်ပြသသွားမှာပါ’’ ဟု ၎င်းကဆက်ပြောသည်။

MNL အမှတ်ပေးပြိုင်ပွဲတွင် MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲတွင် ရှစ်သင်း၊ အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ရှစ်သင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ယူ-၂၁ လိဂ်ပြိုင်ပွဲတွင်မူ MNL -1နှင့် MNL-2 ကလပ်အသင်းများအားလုံး ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ပြည့်နှစ်တွင် COVID-19 ကြောင့် ရပ်နားခဲ့ရသည့် MNL အမှတ်ပေးပြိုင်ပွဲ လက်ကျန်ပွဲများကို ဩဂုတ် ၂၂ ရက်မှ အောက်တိုဘာ ၁ ရက်အထိ COVID-19 လမ်းညွှန်ချက်များနှင့်အညီ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.