Connect with us

Sport

တရုတ်နိုင်ငံ၏ အားကစားရုပ်သံလိုင်းမှ ရွေးချယ်မည့် Pool 8 Ball တစ်နှစ်တာ အတိုးတက်ဆုံးနှင့်အကောင်းဆုံးဆု ပဏာမစာရင်းတွင် မြန်မာကစားသမား ဘုန်းမြင့်ကျော် ပါဝင်

၂၀၂၁ ခုနှစ်တွင် ဇန်နဝါရီ ၁ ရက်မှ ၄ ရက်အထိ တရုတ်နိုင်ငံ Sihong မြို့၌ Pool 8 Ball အားယှဉ်ပြိုင်ကစားခဲ့ပြီး ပထမဆုရရှိခဲ့သော ဘုန်းမြင့်ကျော်အား တွေ့ရစဉ် (ဓာတ်ပုံ- ဘုန်းမြင့်ကျော် Facebook)

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

တရုတ်နိုင်ငံမှ ရုပ်သံလိုင်းဖြစ်သော China Sports Zhibo TV က ရွေးချယ်မည့် Pool 8 Ball တစ်နှစ်တာ အတိုးတက်ဆုံးနှင့် အကောင်းဆုံးဆု ပဏာမ စာရင်းတွင် မြန်မာ့လက်ရွေးစင် Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီ ပါဝင်ကြောင်း ကိုအားတီက ဆင်ဟွာသို့ ဇန်နဝါရီ ၁၆ ရက်တွင်ပြောသည်။

ကိုအားတီက “မနှစ်က တရုတ်နိုင်ငံမှာ ကစားခဲ့တဲ့ ပွဲပေါင်း ၁၆ ပွဲလောက်ရှိပါတယ်။ တရုတ်နိုင်ငံတစ်နိုင်ငံလုံးအနေနဲ့ အားလုံးပေါင်း ၁၀ ယောက်ရွေးတဲ့အထဲမှာ မြန်မာနိုင်ငံသားတစ်ယောက်နေနဲ့ ပါဝင်ခွင့်ရတာ ဝမ်းသာအားရပါတယ်ခင်ဗျာ’’ ဟု ပြောသည်။

ဘုန်းမြင့်ကျော် (ခ) အားတီသည် ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံတွင် Pool 8 Ball ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်များ၌ ၇ ကြိမ်ဖိုင်နယ်အထိရောက်ရှိခဲ့ပြီး ပထမဆု တစ်ကြိမ် ၊ ဒုတိယဆု ၆ ကြိမ်၊ တတိယဆု တစ်ကြိမ် ရရှိခဲ့ကြောင်းဆိုသည်။
“China Sports Zhibo TV က ၂၀၂၀ ပြည့်နှစ်အတွင်းမှာ အကောင်းဆုံးကစားသမားတွေရွေးချယ်မှာပါ။ အခုလိုပဏာမ ရွေးချယ်တဲ့ အထဲမှာပါတာက ၂၀၂၀ ပြည့်နှစ်မှာ ကျွန်တော်ကစားခဲ့တဲ့အဆင့်တွေ တိုးတက်လာလို့ပါခင်ဗျာ’’ ဟု ၎င်းကဆက်ပြောသည်။

China Sports Zhibo TV သည် ၂၀၂၀ ပြည့်နှစ်အတွင်း စွမ်းဆောင်ရည်များအပေါ်မူတည်၍ ဆုအမျိုးအစားလေးမျိုး ရွေးချယ် မည်ဖြစ်ကြောင်း သိရသည်။ ဆုရွေးချယ်ရေးအဖွဲ့သည် အကောင်းဆုံးဆု ပဏာမစာရင်းတွင် ပါဝင်နေသူများကို ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့ပြီး ယင်းဆုများကို ပရိသတ်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်မည် ဖြစ်ကာ ဇန်နဝါရီ ၁၂ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ မဲပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။

Pool 8 Ball တစ်နှစ်တာ အတိုးတက် ဆုံးနှင့် အကောင်းဆုံးဆု ပဏာမစာရင်းတွင် ဘုန်းမြင့်ကျော် နှင့်အတူ တရုတ်နာမည်ကြီးကစားသမားများပါဝင်ကြောင်း သိရသည်။ ဘုန်းမြင့်ကျော်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၄ ရက်အထိ တရုတ်နိုင်ငံ Sihong မြို့တွင် Pool 8 Ball အားယှဉ်ပြိုင်ကစားခဲ့ပြီး ပထမဆု ရရှိခဲ့ကြောင်းနှင့် ယခုနှစ်အတွင်း Pool 8 Ball ပွဲစဉ်များအား COVID-19 အခြေအနေပေါ်မူတည်၍ ဆက်လက်ယှဉ်ပြိုင်သွားရန်ရှိကြောင်းဆိုသည်။

ကိုအားတီအနေဖြင့် ပရိတ်သတ်အတွက် ဆက်လက်၍ အကောင်းဆုံး ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.