Connect with us

Sport

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၂ အာရှဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲအား အောက်တိုဘာ ၁၈ ရက်တွင် ကာဂျစ်စတန်နိုင်ငံ၌ ယှဉ်ပြိုင်ကစားမည်

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၂ အာရှဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စုအဆင့်ပွဲစဉ်များအဖြစ် မူလက လက်ဘနွန်နိုင်ငံတွင် စက်တင်ဘာ လ ၁၇ ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း လက်ဘနွန်အသင်း နုတ်ထွက်သွားသည့် အတွက် အောက်တိုဘာ ၁၈ ရက်တွင် ကာဂျစ်စတန်နိုင်ငံတွင် ခြေစစ်ပွဲသွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ယနေ့စက်တင်ဘာ ၁၇ ရက်တွင် ဆင်ဟွာသို့ပြောသည်။“အောက်တိုဘာ ၁၂ ရက်မှာ မြန်မာနိုင်ငံကနေထွက်ခွါမှာဖြစ်ပါတယ်။အာရှဘောလုံးအဖွဲ့ချုပ်က ကြားခံကွင်းအနေနဲ့ ရွေးလိုက်တာပါ။’’ ဟု ဦးကိုကိုသိန်းကပြောသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အုပ်စု(ဃ)တွင် လက်ဘနွန်လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်၊ ယူအေအီးလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း၊ ဂူအန်လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းများနှင့်တစ်အုပ်စုတည်းကျရောက်လျက်ရှိပြီး အုပ်စုဗိုလ်တစ်သင်းသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း အနေဖြင့် ၂၀၂၁ ခုနှစ် ပထမဆုံးယှဉ်ပြိုင်ရသည့် ပွဲစဉ်ဖြစ်ကြောင်း သိရသည်။

“ခြေစစ်ပွဲအတွက် အခုလည်း COVID-19 စည်းမျဉ်းစည်းကမ်းများနဲ့ အညီ စခန်းသွင်းလေ့ကျင့်နေပါတယ်။အကောင်းဆုံးပြင်ဆင်ဆောင်ရွက်နေပါတယ်’’ ဟု ၎င်းကဆက်ပြောသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို ယူ–၁၆၊ ယူ–၁၉ အသင်းများမှ ထွက်ပေါ်လာသော မျိုးဆက်သစ်ကစားသမား အများစုနှင့် အတွေ့အကြုံရှိကစားသမားများကို ပေါင်းစပ်ဖွဲ့စည်းထားကြောင်း၊ နည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်က တာဝန်ယူကိုင်တွယ်လျက်ရှိပြီး ပဏာမလက်ရွေးစင် (၃၀)ဦးနှင့် အတူ (ဇူလိုင်) လအစောပိုင်းကတည်းက စခန်းသွင်းလေ့ကျင့်နေခြင်းဖြစ်ကြောင်းနှင့် မြန်မာအမျိုးသမီးအသင်းသည် လာမည့် ၂၀၂၂ခုနှစ်တွင် အာရှဖလားအပါအဝင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) နှင့် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရန် ရှိကြောင်း၎င်းကဆိုသည်။ (Xinhua)