Connect with us

News

ပူတာအိုမြို့နယ်၌ နွားများအရေပြားရောဂါဖြစ်ပွားပြီး သေဆုံးမှု ထိန်းချုပ်နိုင်ရန် သွားလာမှု ကန့်သတ်ထားဟုဆို

လယ်ဝေးမြို့နယ်အတွင်း နွားအုပ်တစ်အုပ်အားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နွားများ အရေပြားရောဂါဖြစ်ပွားပြီး သေဆုံးမှုအား ထိန်းချုပ်နိုင်ရန် ဖြစ်ပွားရာဒေသများကို သွားလာမှု ကန့်သတ်ထားကြောင်း ကချင်ပြည်နယ် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းအေးက ပြောကြားသည်။

” ဒီလ ၁၃ရက်နေ့က စဖြစ်တယ်၊ စဖြစ်ဖြစ်ချင်း ကျွန်တော်တို့ ကွင်းဆင်းစစ်ဆေးပြီး ရောဂါမပျံ့ပွားအောင် ကုသခြင်းတွေ ပညာပေးခြင်းတွေ စလုပ်တယ်၊ ခုလည်းဆေးကုသခြင်း၊ ပညာပေးခြင်းတွေလုပ်နေသလို
ဒေသအာဏာပိုင်တွေက သွားလာမှု ထိန်းချုပ်ထားပြီး ရောဂါမပျံ့အောင် ဆောင်ရွက်မနပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ နွားများ၏ ခန္ဓာကိုယ်ပေါ်တွင် သေးငယ်သောအနာများ၊ အစက်အပြောက်များစတင်ဖြစ်ပေါ်ပြီးနောက် တဖြည်းဖြည်းအနာကြီးမားလာကာ နွားများသေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့နွားများသေဆုံးမှုသည် ပြည်ပနိုင်ငံများတွင် ဖြစ်ပွားမှုအချိန်ကြာမြင့်နေပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၃နှစ်ခန့်မှ စတင်ဖြစ်ပွားလာကြောင်း ဒေါက်တာသန်းအေးက ပြောသည်။

” မြို့နယ် ခရိုင်အဆင့်ဆင့်က သတ်ဆိုင်ရာတွေက ကုသရေး၊ ကာကွယ်ရေးတွေ ပညာပေးလုပ်ငန်းတွေလုပ်နေတယ်၊ သေတဲ့နေရာတွေကို ကျွန်တော်တို့ ကွင်းဆင်းစစ်ဆေးလို့ ဒီလိုရောဂါဖြစ်တဲ့နေရာဆို ဆေးကုသခြင်းတွေလုပ်တယ်၊ ဖြစ်တဲ့နေရာကို အသွားအလာကန့်သတ်ပြီး ကုသခြင်းတွေလုပ်နေတယ်” ဟု ၎င်းက ဆိုသည်။

ပူတာအိုခရိုင်၊ ပူတာအိုမြို့နှင့် တခြားကျေးရွာများတွင် ထိုနွားအရေးပြားအကြိတ်နာရောဂါကြောင့် နွားများသေဆုံးရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိအချိန်တွင် ပူတာအိုဒေသရှိ ခိုင်းနွားများနှင့် မွေးမြူရေးနွားများတွင် အဆိုပါ နွားအရေပြားအကြိတ်နာရောဂါ ဖြစ်နေသော်လည်း ကျွဲများတွင် ကူးစက်ဖြစ်ပွားမှု မရှိသေးကြောင်းလည်း ဒေသခံများထံမှ သိရသည်။ (Xinhua)