Connect with us

Culture

တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၇ နှစ်မြောက် ဂုဏ်ပြု အခမ်းအနား နေပြည်တော်၌ ကျင်းပ

တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၇ နှစ်မြောက် ဂုဏ်ပြု အခမ်းအနား၌ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၇ နှစ်မြောက် ဂုဏ်ပြု အခမ်းအနားကို မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ (MICC-2) ၌ ယနေ့စက်တင်ဘာ ၂၆ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားသို့ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့အပါအဝင် အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် နှင့် ဌာနဆိုင်ရာ စသည့် ကဏ္ဍ အသီးသီး မှ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင် တက်ရောက်ခဲ့ ကြသည်။

တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၇ နှစ်မြောက် ဂုဏ်ပြု အခမ်းအနား၌ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် ဇနီး တို့မှ ကိတ်မုန့်ခွဲနေစဉ် (ဆင်ဟွာ)
တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၇ နှစ်မြောက် ဂုဏ်ပြု အခမ်းအနားတွင် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့က အသီးသီး မိန့်ခွန်းများ ပြောကြားခဲ့သည်။အခမ်းအနားတွင် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက တရုတ် ပြည်သူ့သမ္မတ နိုင်ငံသည် ယနေ့ ကမ္ဘာတွင် ဒုတိယ စီးပွားရေး အင်အား အကြီးဆုံး နိုင်ငံ အဖြစ် ရောက်ရှိလာခဲ့ပြီး ယင်းဖွံဖြိုး တိုးတက်မှုများသည် အိမ်နီးချင်း နိုင်ငံများ အပါအဝင် ဒေသတွင်း နိုင်ငံများ အားလုံး ဖွံဖြိုးတိုးတက်ရေးကို အထောက်ကူ ပြုသွားမည့် တရုတ်နိုင်ငံ အစိုးရ၏ ရပ်တည်ချက်ကို လေးစားပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၇ နှစ်မြောက် ဂုဏ်ပြု အခမ်းအနား၌ တက်ရောက်လာသော ဧည်သည့်တော်များ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

ထို့အတူ မြန်မာနိုင်ငံ အစိုးရသစ် ဆောင်ရွက်ချက်များအား တရုတ် ပြည်သူ့ သမ္မတ နိုင်ငံမှ အားပေး ထောက်ခံသည့် အတွက် ကျေးဇူး တင်ရှိကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် ပိုမို ကောင်းမွန်ပြီး နှစ်ဘက် အကျိုးရှိစေမည့် ကုန်သွယ်ရေး နှင့် ရင်းနှိး မြှုပ်နှံမူဆိုင်ရာ မူဝါဒများကို ချမှတ် ဆောင်ရွက် သွားမည် ဖြစ်သည့် အတွက် တာဝန်ယူမူရှိသည့် ရင်းနှိးမြှုပ်နှံမှုသစ်များ ပိုမို လာရောက်နိုင်ရန် ကြိုဆိုကြောင်း ၊ မြန်မာနိုင်ငံ အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် တရုတ် နိုင်ငံ နှင့်အတူ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး ပိုမို ရရှိရန် ပိုမို နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖိန် အဆိုပြုခဲ့သည့် ၂၁ ရာစု ပိုးလမ်းမကြီးသည် ဒေသတွင်း နိုင်ငံများ သာမက လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံများ၏ ဆက်သွယ်ရေး လမ်းကြောင်းများကို ဖွံံ့ဖြိုးတိုးတက်စေမည် ဖြစ်ပြီး နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်း ဖြစ်သည့် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီး မြှုပ်နှံမှု ဘဏ်သည် မိမိတို့ ဒေသတွင်း နိုင်ငံများ၏ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးကို အကျိုးပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူများ အကြားရှိသည့် ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေး နှင့် အိမ်နီးချင်းကောင်း ဆက်ဆံရေး ပိုမို တိုးတက် မြင့်မားရေး နှင့် နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး နှင့် ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှု များ ပိုမို တိုးတက် ဖြစ်ထွန်းရေး အတွက် ဆုမွန်ကောင်းများအား ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက ဆုတောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ယခု အခမ်းအနားသို့ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်ခြင်းကို ဂုဏ်ယူဝမ်းသာမိပြီး မြန်မာနိုင်ငံ အစိုးရက စဉ်ဆက်မပြတ်တိုးတက်လျက်ရှိသော တရုတ်-မြန်မာချစ်ကြည်ရေးအား ထောက်ခံ အားပေးခြင်းကို ထင်ဟပ်နေကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ထို့အတူ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို ချောမွေ့စွာ တိုးတက်ရန် အထောက်အကူ ဖြစ်စေသည့် အခြေခံ အကြောင်းရင်းများအား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ရှင်းလင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ယခုနှစ်အတောအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ စီးပွားရေး ဖွဲ့စည်းပုံစနစ်ကိုအစိမ်းရောင်စီးပွားရေးအဖြစ်အဆင့်မြှင့်တင်ရေး၊ “the Belt and Road” မှတစ်ဆင့် win-win ဖြစ်ရေး စသည့် လုပ်ငန်းစဉ် ၃ ရပ်ကို ကြိုးပမ်းလုပ်ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက ပြောကြားခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး သည် ၁၉၅၀ ခုနှစ်တွင် သံတမန်ဆက်ဆံရေးထူထောင်ပြီးနောက် ကောင်းမွန်စွာတိုးတက်ခဲ့ပြီး ၆၆ နှစ်တာကာလအတွင်း နှစ်နိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးနှင့် ကမ္ဘာကြီး မည်ကဲ့သို့ ပြောင်းလဲနေစေကာမူ တရုတ်-မြန်မာ ဆက်ဆံရေးသည် တောက်လျှောက် တိုးတက်လျက်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
တရုတ် ပြည်သူ့သမ္မတနိုင်ငံကို ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ထူထောင်ခဲ့ပြီး ယင်းနေ့ကို တရုတ်အမျိုးသားနေ့ဟု သတ်မှတ်ကြေညာခဲ့ရာ ယခု ၂၀၁၆ ခုနှစ်သည် ၆၇ နှစ် ပြည့်မြောက်သည့် နှစ်ဖြစ်သည်။ (Xinhua)