Connect with us

Economy

လယ်ယာစီးပွား ဝန်ဆောင်မှုများအတွက် တရုတ်နိုင်ငံနှင့် လက်မှတ်ရေးထိုး

လက်မှတ်ရေးထိုးခြင်း အခမ်းအနား စတင် ဖွင့်လှစ်စဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ် လေးခုတွင် လယ်ယာစီးပွား ဝန်ဆောင်မှု စင်တာ (ASC: _ Agribusiness Centres) စီမံကိန်း လေးခု အကောင်အထည်ဖော်ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်း ချုပ်(MRF: _ Myanmar Rice Federation) ၊ မြန်မာနိုင်ငံ လယ်ယာ စီးပွားရေး အများပိုင် ကုမ္ပဏီ လီမိတက် တို့နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းစု ဖြစ်သည့် China CITIC Construction Group တို့ပူးပေါင်း ဆောင်ရွက်ကြရန် သဘောတူစာချုပ်၌ ယနေ့ ညနေပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ကြ သည်။

အဆိုပါ စာချုပ်အရ ဧရာဝတီတိုင်းဒေသကြီးရှိ ကျိုက်လတ်မြို့၊ ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့၊ မန္တလေးတိုင်းဒေသကြီးရှိ မတ္တရာမြို့နှင့် ရခိုင်ပြည်နယ် ရှိ ကျောက်တော် မြို့တို့တွင် အမေရိကန် ဒေါ်လာ သန်း ၁၃၀ ရင်းနှီးမြှုပ်နှံပြီး ASC စီမံကိန်း လေးခုတို့ကို ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အပြီး တည်ဆောင်သွားမည်ဖြစ်သည်။

မြန်မာ့ ရိုးရာအက ဖြင့် ဧည့်ခံဖြေဖျော်စဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က နှုတ်ခွန်းဆက်စကား ပြောကြားစဉ် (ဆင်ဟွာ)

ASC စီမံကန်းများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က “၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ရေးထိုးခဲ့တဲ့ နားလည်မှု စာချွန်လွှာအရ တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၀ ခုတို့မှာ ASC ၃၃ ခု ပြည့်အောင် လုပ်သွားရမှာပါ၊ စီမံကိန်း ၃၃ ခုလုံးအတွက် ဆိုရင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ လောက် ရင်းနှီးမြှုပ်နှံရပါမယ်၊ ဒါကို နိုင်ငံတော်အစိုးရကို တင်ပြပြီး နိုင်ငံတော် အစိုးရရဲ့ အာမခံနဲ့ သက်သာတဲ့ အတိုးနှုန်းနဲ့ နိုင်ငံခြား ချေးငွေ ယူပြီး ပြည်တွင်းက လုပ်ငန်းရှင်တွေရဲ့ ထည့်ဝင်မှုပါ ပေါင်းစပ်ပြီးတော့ ဒီလုပ်ငန်းကို အကောင်အထည် ဖော်ဖို့ရည်ရွယ်ပါတယ်၊ နိုင်ငံခြား ချေးငွေဖြစ်လို့ လွှတ်တော်ရဲ့ အတည်ပြုချက် လည်း ရယူရမှာဖြစ်တယ်၊ ဒီလို ဆောင်ရွက်ရမယ့် အဆင့်ဆင့်တွေ ရှိနေသေးတဲ့အခါမှာ ချက်ချင်း လုပ်ဖို့က ပုဂ္ဂလိက ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု (private sector investment) နဲ့ စလုပ်ပြီး အောင်မြင်လာတဲ့ အချိန်မှာ နိုင်ငံတော်ကို တင်ပြပြီး ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်၊ အခု လက်မှတ် ရေးထိုးတဲ့ ASC လေးခုက ဒီစီမံကိန်းကြီးရဲ့ ပထမ ခြေလှမ်း ဖြစ်ပါတယ်” ဟု အဖွင့် စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

China CITIC Group ၏ အာရှ ပစိဖိတ်ဌာနခွဲ အထွေထွေမန်နေဂျာ Mr. Xue Yong က အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးကြစဉ် (ဆင်ဟွာ)

လက်မှတ်ထိုးအပြီး တွေ့မြင်ရစဉ် (ဆင်ဟွာ)

အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

ထိုသို့ဆောင်ရွက်သည့်အခါ သက်ဆိုင်ရာ focal ministries များ ဖြစ်သည့် စိုက် – မွေး – ဆည် ဝန်ကြီး ဌာန၊ စီးပွား – ကူးသန်းဝန်ကြီးဌာန၊ စီမံ – ဘဏ္ဍာ ဝန်ကြီးဌာနတို့နှင့် ဆွေးနွေး ညှိနှိုင်းပြီး စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တောင်သူများအား ကူညီမည့် ASC စီမံကိန်းများသည် လယ်ယာထွက်ကုန်များ အရည်အသွေး ပိုကောင်းလာရေး၊ ရိတ်သိမ်းချိန်နောက်ပိုင်း ထိန်းသိမ်း သိုလှောင်ပေးရေး၊ တောင်သူများနှင့် အကျိုးတူ လယ်ယာ (contract farming) ပူးပေါင်း ဆောင်ရွက်ရေး၊ ထုတ်လုပ်မှုတိုးတက်လာရေးနှင့် ပြည်တွင်း ပြည်ပဈေးကွက် ဝင်မည့် အရည်အသွေးမြှင့်တင်ရေး၊ ပြည်တွင်း ပြည်ပ ဈေးကွက် ရှာဖွေ ထိုးဖောက် ရေး စသည့် ဝန်ဆောင်မှုများ ပါဝင်ကြောင်း၊ စီမံကိန်း ၃၃ နေရာစလုံး ဆောင်ရွက်ရန် ပြည်တွင်း လုပ်ငန်းရှင်များအားလုံးကို တံခါးဖွင့်ပေးထားကြောင်း၊ ယခုကဲ့သို့ China CITIC Construction Group နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တရုတ်နိုင်ငံ၏ ဈေးကွက်ကို ပိုမို ထိုးဖောက်ရောင်းချနိုင်မှာ ဖြစ် သကဲ့သို့နိုင်ငံတကာ ဈေးကွက် သို့လည်း ပိုမို ထိုးဖောက် ရောင်းချနိုင်လာမည် ဖြစ်ကြောင်း၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍသို့ ဝင်ရောက် ပူးပေါင်းလာသော CITIC အား အသင်းချုပ်က များစွာ ကြိုဆိုပါကြောင်း ဆက်လက် ပြောကြားခဲ့သည်။

China CITIC Group ၏ အာရှ ပစိဖိတ်ဌာနခွဲ အထွေထွေမန်နေဂျာ Mr. Xue Yong က “တရုတ် -မြန်မာ ချစ်ကြည်ရေးရဲ့ သမိုင်းအစဉ် အလာဟာ လှပခဲ့ပါတယ်၊ သမ္မတကြီး ရှီကျင့်ဖျင်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးအမြတ်ထားပြီး မြန်မာနိုင်ငံကို one belt, one road စီမံကိန်းရဲ့ အရေးကြီးတဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်၊ မြန်မာနိုင်ငံဟာ China CITIC အတွက် အင်မတန် အရေးကြီးပါတယ်၊ China CITIC အနေနဲ့ မိမိ တို့လုပ်ငန်း ဆောင်ရွက်ရာ မြန်မာနိုင်ငံရဲ့ ဒေသခံ ပြည်သူတွေအတွက် ပရဟိတ လုပ်ငန်းတွေ တော်တော်များများ ဆောင်ရွက်ပေးခဲ့ပါတယ်၊ ရေဘေးသင့် ပြည်သူများအား လူသားချင်း စာနာသည့် အကူအညီများ ပေးခြင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးမှာ ရန်ပုံငွေ ထူထောင်ပြီး ပါဝင်ဆောင်ရွက်ခြင်း စသဖြင့် တတ်နိုင်သမျှ လုပ်ဆောင်ပေးခဲ့ပါတယ်၊ လယ်ယာ စိုက်ပျိုးရေးဟာ မြန်မာနိုင်ငံရဲ့ တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးရေးအတွက် အလွန် အရေးကြီးတဲ့ လုပ်ငန်းဖြစ်ပါတယ်၊ နိုင်ငံတကာ ဈေးကွက်မှာ ပြိုင်ဆိုင်မှု အင်အား ကောင်းမွန်တဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။ ASC စီမံကိန်း လုပ်ငန်းတွေဟာ မြန်မာ တောင်သူတွေကို အကျိူးထိထိရောက်ရောက် ရရှိစေမှာပါ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်အရ ASC လေးခု ကို မြို့နယ် လေးခုမှာ စံပြ လုပ်ငန်းအနေနဲ့အရင် ဆောင်ရွက်မှာ ဖြစ်ပါတယ်၊ ဒီလို ဆောင်ရွက်ခွင့် ရအောင် ကူညီပေးတဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေကို အထူးပဲ ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊  ၎င်းဌာန အမြဲတမ်း အတွင်းဝန်၊ အရာရှိ အရာခံများ၊ MAPCO ဥက္ကဌ ဦးချစ်ခိုင် နှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.