Connect with us

Sino-Myanmar

ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကို ကြိုဆိုခြင်းအထိမ်းအမှတ် တရုတ်-မြန်မာချစ်ကြည်ရေး အားကစားဖလှယ်ခြင်းနှင့် အလှူငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကို ကြိုဆိုခြင်းအထိမ်းအမှတ် တရုတ်-မြန်မာချစ်ကြည်ရေး အားကစားဖလှယ်ခြင်းနှင့် အလှူငွေပေးအပ်ခြင်း အခမ်းအနားတွင် ၂၀၂၃ခုနှစ်၊ ဩဂုတ် ၆ ရက်က မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကို ကြိုဆိုခြင်းအထိမ်းအမှတ် တရုတ်-မြန်မာချစ်ကြည်ရေး အားကစားဖလှယ်ခြင်းနှင့် အလှူငွေပေးအပ်ခြင်း အခမ်းအနားကို ဩဂုတ်လ ၆ ရက်နေ့တွင် ရန်ကုန်မြို့ အင်းလျားကန်တွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကို ကြိုဆိုခြင်းအထိမ်းအမှတ် တရုတ်-မြန်မာချစ်ကြည်ရေး အားကစားဖလှယ်ခြင်းနှင့် အလှူငွေပေးအပ်ခြင်း အခမ်းအနားတွင် ၂၀၂၃ခုနှစ်၊ ဩဂုတ် ၆ ရက်က မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ မြန်မာနိုင်ငံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်၊ လှေလှော်အဖွဲ့ချုပ်၊ ဘောလုံးအဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ်များနှင့် အားကစားသမားများ၊ တရုတ်သံရုံးမှ ဝန်ထမ်းများ စသဖြင့် လူဦးရေ ၁၅၀ ခန့် တက်ရောက်ကြကြောင်း သိရသည်။
သံအမတ်ကြီး Mr. Chen Hai က မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်၊ လှေလှော်အဖွဲ့ချုပ်နှင့် ဘောလုံးအဖွဲ့ချုပ်တို့သို့ အလှူငွေများ အသီးသီး ပေးအပ်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့သည်။သံအမတ်ကြီးက တရုတ်နိုင်ငံသည် အားကစားဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာ အားကစားကူးလူးဖလှယ်ရေးကို အလေးထားကြောင်း၊ အားကစားအင်အားကြီးနိုင်ငံအဖြစ် အရှိန်အဟုန်မြှင့်တည်ဆောက်လျက်ရှိပြီး အများပြည်သူ၏ သာယာချမ်းမြေ့သောဘဝအပေါ် လိုလားတောင့်တမှုများကို ဖြည့်ဆည်းပေးကာ လူသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်လျက်ရှိကြောင်း၊ ကမ္ဘာ့တက္ကသိုလ်ကျောင်းသားများအားကစားပြိုင်ပွဲကို ချိန်ချန်တူးမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း၊ လာမည့်လတွင်ကျင်းပမည့် (၁၉) ကြိမ်မြောက် ဟန်ကျိုး အာရှအားကစားပြိုင်ပွဲတွင် အာရှနိုင်ငံအသီးသီးသည် ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေး၊ တိုးတက်ရေး ဟူသည့် အာရှအားကစားသံစဉ်ကို အတူတီးမှုတ်ကြမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံသည် ပြည်သူချင်း ချစ်ခင်ရင်းနှီးပြီး ယဉ်ကျေးမှုချင်း ဆက်နွှယ်နေကာ အားကစားဆိုင်ရာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုများကို အမြဲဆောင်ရွက်လျက်ရှိပြီး တစ်ဖက်မှ ကျင်းပသော အားကစားပြိုင်ပွဲများတွင် တက်ကြွစွာ ပါဝင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏အကူအညီဖြင့်ဆောင်ရွက်သည့် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ အဆင့်မြှင့်တင်ရေးစီမံကိန်း ပြီးစီး၍ စတင်အသုံးပြုနေပြီ ဖြစ်ကြောင်း၊ ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားကွင်း ပြုပြင်တည်ဆောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံမှ ကူညီလေ့ကျင့်ပေးသော မြန်မာ့အားကစားသမားများသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ထူးချွန်သော ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ကပ်ရောဂါအလွန်ကာလ အားကစားဆိုင်ရာ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ ဟန်ကျိုးအာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အားကစားကိုယ်စားလှယ်အဖွဲ့အနေဖြင့် စွမ်းရည်များပြသနိုင်ပြီး အောင်မြင်မှုများရရှိနိုင်ပါစေဟု ကြိုတင်ဆုမွန်ကောင်းတောင်းပေးကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကို တရုတ်နိုင်ငံမှ လက်ခံကျင်းပခြင်းအား မြန်မာနိုင်ငံမှ တက်တက်ကြွကြွ ထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံမှ ဝူရှူး၊ လှေလှော်၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို စသဖြင့် အားကစားနည်း (၇) နည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်မှစတင်၍ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား တက်တက်ကြွကြွ ကူညီပေး၍ အားကစားသမားများကို အမြဲလေ့ကျင့်ပေးခဲ့ပြီး မြန်မာနိုင်ငံအား အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ အပါအဝင် နိုင်ငံတကာပြိုင်ပွဲများ၌ ရလဒ်ကောင်းများ ရရှိနိုင်ရန် ကူညီပေးခဲ့ကြောင်း၊ ယခုအကြိမ် အားကစားဖလှယ်ခြင်းနှင့် အလှူငွေပေးအပ်ခြင်းအခမ်းအနားသည် နှစ်နိုင်ငံအကြား လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ခြင်း၏ အောင်မြင်မှုများကို ထပ်ဆင့်ပြသနေကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အားကစားဆိုင်ရာ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ အားကစားအဖွဲ့ချုပ်များနှင့် အားကစားသမားကိုယ်စားလှယ်တို့ကလည်း တရုတ်သံရုံး၏ လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ ယင်းသည် ပြိုင်ပွဲဝင်ရန် တက်တက်ကြွကြွ ပြင်ဆင်နေကြသော အားကစားသမားများအတွက် ပိုမိုကောင်းမွန်သော လေ့ကျင့်မှုအခြေအနေများ ဖန်တီးပေးပြီး ယှဉ်ပြိုင်မှုစွမ်းရည် မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ မြန်မာအားကစားသမားများသည် ဇွဲလုံ့လရှိမှု၊ စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ဟူသော အားကစားစိတ်ဓာတ်တို့ဖြင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး ဟန်ကျိုး အာရှအားကစားပြိုင်ပွဲတွင် စွမ်းရည်များပြသကာ ချစ်ကြည်ရင်းနှီးမှုများ ရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံမှ ဝူရှူးအားကစားသမားများနှင့် တရုတ်သံရုံးမှ ဝူရှူးပညာနှစ်သက်သူများအကြား ရိုးရာဝူရှူးပညာ ကူးလူးဖလှယ်ခြင်းနှင့် သရုပ်ပြခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံ နဂါးလှေအားကစားသမားများနှင့် သံရုံးဝန်ထမ်းများနှင့်အတူ နဂါးလှေချစ်ကြည်ရေးပြိုင်ပွဲ ကျင်းပခဲ့ကြသည်။ အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များ၊ အားကစားသမားများနှင့် နဂါးလှေပြိုင်ပွဲတွင်အနိုင်ရသည့်အဖွဲ့တို့အား သံရုံးက ဟန်ကျိုးအာရှအားကစားပြိုင်ပွဲ အမှတ်တရပစ္စည်းများ လက်ဆောင်ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)