Connect with us

Politics

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းက တစ်ကမ္ဘာလုံး အကျိုးရှိနိုင်မည့် ဆောင်ရွက်ချက်တစ်ခုဖြစ်သလို မြန်မာနိုင်ငံအတွက်လည်းအကျိုးရှိနိုင်ကြောင်း ဒေါက်တာအေးမောင်ပြောကြား (အင်တာဗျူးဆောင်းပါး)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ရှိဆိပ်ကမ်းတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသည် ကမ္ဘာ့နိုင်ငံများအကြား အပြန်အလှန်ကုန်သွယ်မှုများ ဖွံ့ဖြိုးတိုးတက်စေမည့် လမ်းကြောင်းတစ်ခုအဖြစ်ရှုမြင်ကြောင်း ရခိုင့်ဦးဆောင်ပါတီမှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဆင်ဟွာနှင့်သီးသန့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ထို့အတူ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေးသည် နှစ်နိုင်ငံဘက်စုံစီးပွားကုန်သွယ်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများတွင် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး အတွက် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ရပ်ဝန်းတစ်ခု လမ်းတစ်ခုက တစ်ကမ္ဘာလုံး အကျိုးရှိနိုင်မယ့် ဆောင်ရွက်ချက်တစ်ခုလို့ သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လမ်းရှိဖို့လိုအပ်တာပေါ့။ Infrastructure ဟာအလွန်လိုအပ်တယ်။ စီးပွားကုန်သွယ်မှု၊ နိုင်ငံရေး၊ လူမှုဘဝမြှင့်တင်မှု အကုန်လုံးပေါ့လေ။ အကုန်လုံးကို ဆက်စပ်ပေါင်းကူးပေးနိုင်တာက လမ်းပဲဗျ။ သွားလမ်း၊ လာလမ်းကို ဖြောင့်ဖြူးအောင် တည်ဆောက်တယ်ဆိုကတည်းကိုက သူနဲ့အတူ ကပ်ပါလာကြတာပေါ့။ ကျန်းမာရေး၊ ပညာရေးတွေလည်း ဆက်စပ်မှုရှိသွားနိုင်တယ်။ ပိုးလမ်းမဆိုတာလည်း အာရှနဲ့ ဥရောပ ယဉ်ကျေးမှုချင်းရော၊ စီးပွားကုန်သွယ်မှုချင်းရော ဆက်စပ်ဖို့အတွက် တည်ဆောက်ခဲ့ကြတာပဲလေ။ ကမ္ဘာကြီးအတွက် ကောင်းတယ်။ မြန်မာနိုင်ငံအတွက်လည်းကောင်းပါတယ်” ဟု ဒေါက်တာအေးမောင်က သုံးသပ်ပြောကြားသည်။

တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေးမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ အစပျိုး၍ မြန်မာနိုင်ငံ မန္တလေးမြို့အထိ၊ ထိုမှတစ်ဆင့် ရန်ကုန်မြို့နှင့် ကျောက်ဖြူမြို့သို့ ဖြာထွက် သွားသည့်လမ်းကြောင်းများအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။
ဒေါက်တာအေးမောင်က “တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်သွယ်မှုလမ်းကြောင်း မပြတ်တောက်ဖို့အတွက် တစ်နိုင်ငံရဲ့ သဘောတရားကို တစ်နိုင်ငံကသိအောင် ယဉ်ကျေးမှုကအစ အချင်းချင်းနားလည်ကြရင် ကျန်းမာရေးကအစ အချင်းချင်းဖေးမကူနိုင်တဲ့ လမ်းကြောင်းတစ်ခုကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ရင် သွယ်ဝိုက်သော နည်းအားဖြင့် အကျိုးပြုတဲ့ ကဏ္ဍမှာ BRI ကြီးက ရှိနေတယ်လို့ သုံးသပ်ပါတယ်” ဟု ဒေါက်တာအေးမောင်က (Belt and Road Initiative) BRI စီမံကိန်းနှင့် ပတ်သက်ပြီး သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင် မဟာဗျူဟာ ကျသည့်နေရာ၌ တည်ရှိပြီး တရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ် စီးပွားရေးစင်္ကြံနှင့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစင်္ကြံအစိတ်အပိုင်းများတွင် ပါဝင်လျက်ရှိကြောင်း ၎င်းကဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံသည် BRI အကောင်အထည် ဖော်ဆောင်မှုအစီအစဉ်များတွင် ပါဝင်လျက်ရှိပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China-Myanmar Economic Corridor-CMEC) ပူးတွဲတည်ထောင်ရေး နားလည်မှု စာချွန်လွှာတွင်လည်း လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း သိရသည်။

“BRI စီမံကိန်းက အရှေ့အနောက်စင်္ကြံ ပေါက်တဲ့ မြန်မာနိုင်ငံအတွက် အများကြီးအသုံးချနိုင်မှာဖြစ်ပါတယ်။ ရေနက်ဆိပ်ကမ်းတို့၊ ပင်လယ်ထွက်ပေါက်တို့က အရေးကြီးတယ်။ အဲဒါကို အထောက်အကူပြုဖို့အတွက် ကားလမ်းတို့၊ ရထားလမ်းတို့က အရေးပါတယ်။ ရထားလမ်းက ကုန်စည်ပို့ဆောင်မှုရော အစစအရာရာအတွက် ဆက်စပ်မှုရှိတဲ့ လမ်းကြောင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့အပိုင်းဖြစ်တယ်။ ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းကို တခြားနေရာတစ်ခုနဲ့ ဆက်စပ်တဲ့ လမ်းကြောင်းမရှိရင် ဆိပ်ကမ်းကို ဘယ်လိုအသုံးချမှာလဲဆိုတဲ့ မေးခွန်းထွက်လာမှာပေါ့။ အဲဒီတော့ ဆိပ်ကမ်းကို အသုံးချဖို့ ချိတ်ဆက်ဖို့ လမ်းကြောင်းတစ်ခုလိုအပ်တယ်။ အဲဒါက ရထားလမ်း စီမံကိန်းပေါ့။ ရထားနဲ့အပြိုင် ကားလမ်းလည်း ပေါ်လာနိုင်ပါတယ်။ အဲဒါမှဆိပ်ကမ်းရဲ့ တန်ဖိုးကို အကျိုးရှိစွာ စွမ်းအင်မြှင့်တင်နိုင်မှာဖြစ်ပါတယ်” ဟု ဒေါက်တာအေးမောင်က ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သွားခြင်းသည် လက်ရှိတွင် အကောင်အထည်ဖော် စီမံဆောင်ရွက်လျက်ရှိသည့် BRI စီမံကိန်းအတွက် များစွာ အကျိုးရှိကြောင်း ၎င်းကဆိုသည်။

“BRI စီမံကိန်းကို နိုင်ငံအများစုကလည်း အခုဆို ပိုလက်ခံပြီး ပူးပေါင်းဆောင်ရွက်လာကြတာတွေ့ရတယ်။ ဒီစီမံကိန်းကြီး မြန်မြန်အကောင်အထည်ပေါ်လာလေ လူတွေအတွက် ပိုအကျိုးရှိလေမို့ ကျွန်တော်တို့ကတော့ ကြိုဆိုပါတယ်။ အမြန်ဆုံး အကောင်အထည်ပေါ်စေချင်ပါတယ်” ဟု BRI စီမံကိန်းကို ကြိုဆိုကြောင်း ဒေါက်တာအေးမောင်က စိတ်အားထက်သန်စွာ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.