Connect with us

Politics

နှစ်ပေါင်းထောင်ချီတည်ရှိသော တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော်” ညီရင်းအစ်ကို ချစ်ကြည်ရေး အဓိပ္ပါယ်သစ် ဖွင့်ဆိုရန် တွဲလက်များ ချိတ်ဆက်ကြမည်

ရန်ကုန်မြို့ရှိ ဆူးလေစေတီတော်အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ခရီးစဉ်အရ “ဆွေမျိုးပေါက်ဖော်” ဟူသောစကားလုံးက ယခုရက်သတ္တပတ်အတွင်း တွေ့ရအများဆုံးဖြစ်လာခဲ့သည်။

သမ္မတ ရှီ၏ မြန်မာနိုင်ငံခရီးစဉ်သည် ယခုနှစ်သစ်အတွက် ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပြီး တရုတ်-မြန်မာ တစ်အူထုံ့ဆင်း ညီရင်းအစ်ကိုချစ်ကြည်ရင်းနှီးမှု ခေတ်သစ်တစ်ခု ဖွင့်လှစ်ရန် မျှော်မှန်းထားပေသည်။မြန်မာဘာသာစကားတွင် “တစ်အူထုံ့ဆင်း ညီရင်းအစ်ကို” ဟူ၍ အဓိပ္ပါယ်ရသော “ဆွေမျိုးပေါက်ဖော်” စကားလုံးကို တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နှစ်ပေါင်းထောင်နှင့်ချီရှိခဲ့သော ဆက်ဆံရေးတွင် ယခုအခါ ထူးခြားသောသွင်ပြင်လက္ခဏာအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသည်။ တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှု ပေါက်ဖွားလာပုံမှာ ဒဏ္ဍာရီသဖွယ်ထင်ရှားလှပေသည်။ ၎င်းကို နှစ်ပေါင်းထောင်ချီကြာကာလအတွင်း တရုတ်နှင့် မြန်မာ နှစ်နိုင်ငံပြည်သူ မျိုးရိုးစဉ်ဆက်တိုင်းက ခေတ်ကာလများနှင့်အတူ ကြွယ်ဝစွာ အသုံးပြုလာခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်စွာတိုးတက်မှုရှိစေရန် ထောက်ပံ့ပေးခဲ့သည်။ 

ယနေ့တွင် နှစ်နိုင်ငံ ညီရင်းအစ်ကိုအိမ်နီးချင်းများအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေးက အဆင့်မြင့် နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု၊ စီးပွားရေးအရ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများတွင် နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်းထိတွေ့ဖလှယ်မှုများ ခိုင်မာမှုများကို မီးမောင်းထိုးပြနေပြီး “ဆွေမျိုးပေါက်ဖော်” ၏ အမှတ်တရအရှိဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။

အိမ်နီးချင်းကောင်းနှင့် မိတ်ဆွေကောင်းများဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းရန်နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု ရရှိရန်၊ နိုင်ငံ့အချုပ်အခြာအာဏာကို ကာကွယ်ရန်နှင့် ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုကို ပယ်ရှားရန် စသည့် ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံက ထောကခေံအားပေးလျက်ရှိသည်။ 

ထို့ပြင် နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့်လည်း အင်တိုက်အားတိုက်ရှိပြီး စဉ်ဆက်မပြတ် တိုးတက်လျက်ရှိပေသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နှင့် အရေးပါသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဖြစ် နှစ်ပေါင်းများစွာအကြာ ရပ်တည်လျက်ရှိသည်။ အကောက်ခွန်ဌာန အချက်အလက်များအရ တရုတ်နှင့် မြန်မာ ကုန်သွယ်မှုမှာ ၂၀၁၉ ခုနှစ် ၂၈ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ကာ ငွေကြေးပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၇၁ ဘီလီယံခန့်ရှိခဲ့ကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံက အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) စတင်ဖော်ဆောင်ချိန်ကတည်းက တက်တက်ကြွကြွနှင့် အရေးပါသော မိတ်ဖက်နိုင်ငံလည်း ဖြစ်သည်။တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကဲ့သို့သော အခြားပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစီအစဉ်များက မြန်မာနိုင်ငံ၏ အလုပ်အကိုင်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးခဲ့ပြီး မြန်မာပြည်သူများ၏ လူနေမှုဘဝကိုလည်း ကြီးမားစွာ တိုးတက်မှု ဖြစ်စေခဲ့သည်။ 

ပြည်သူအချင်းချင်း နီးကပ်စွာထိတွေ့ဆက်ဆံမှုများကလည်း ပိုမို၍ တက်ကြွစွာလက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အပြန်အလှန်ဖလှယ်မှုတစ်ခုအဖြစ် အမြဲတစေရှိနေသလို တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်အထိမ်းအမှတ်ဖြစ်သော နှစ်သစ်တွင်လည်း ဖွံ့ဖြိုးတိုးတက်မှု အသစ်အချို့ကို မြင်တွေ့ရပေသည်။ 

ထို့ပြင် ဇန်နဝါရီ ၁၄ ရက်က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်အသစ်ကို စတင်မိတ်ဆက်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်ကိုလည်း တရုတ်-မြန်မာယဉ်ကျေးမှုခရီးသွားနှစ်အဖြစ် သတ်မှတ်ထားခဲ့သည်။တရုတ် သမ္မတ ရှီကျင့်ဖိန်၏ အလည်အပတ် ခရီးစဉ်မတိုင်မီ ရှီကိုယ်တိုင်ရေးသားပြီး မြန်မာနိုင်ငံပိုင် သတင်းစာသုံးစောင်တွင် ပုံနှိပ်ဖော်ပြထားသော ဆောင်းပါး၌ ရှီက ယခုနှစ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်မြောက်သည့် အထိမ်းအမှတ်ဖြစ်ကြောင်းနှင့် “တရုတ်-မြန်မာ ဆက်ဆံရေးသည် အစမှတ်အသစ်ဖြစ်ကြောင်း” ဖော်ပြခဲ့သည်။ယခုအခါ တရုတ်နှင့် မြန်မာပြည်သူများအနေဖြင့် အဆိုပါ အစမှတ်တွင် နှစ်ပေါင်းထောင်ချီရှည်ကြာလျက်ရှိသော “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုကို အဓိပ္ပါယ်သစ် ပေးစွမ်းရန် အခွင့်အလမ်းအဖြစ် တွဲလက်များ ချိတ်ဆက်သွားကြပေတော့မည်ဖြစ်သည်။ (Xinhua)