Connect with us

Social

စက္ခုအလင်းဒါန “အလင်းရောင် ခရီးစဉ်”လှုပ်ရှားမှုက တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး အတွက် ပိုမို ခိုင်မာစေ

တရုတ် နိုင်ငံမှ ဆရာဝန် တစ်ဦးက မြန်မာနိုင်ငံရှိ မျက်စိ ဝေဒနာရှင် တစ်ဦးအား စစ်ဆေး ကြည့်ရှုနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံရှိ မျက်စိ ဝေဒနာရှင်များ အတွက် တရုတ် နိုင်ငံမှ လာရောက် ကုသပေးခဲ့သော စက္ခုအလင်းဒါန “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှုသည် အကြိမ်ရေ များစွာဖြင့် ဆောင်ရွက်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုကျော်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ 

မြန်မာနိုင်ငံ အတွင်းရှိ သက်ဆိုင်ရာ ဌာနများ ၊ လူမှု အသင်း အဖွဲ့များ နှင့်အတူ ပူးပေါင်း၍ တရုတ် မျက်စိ အထူးကု ဆရာဝန် များသည်  မြန်မာနိုင်ငံ နေရပ် အသီးသီးမှ မျက်စိ ဝေဒနာရှင်များကို အခမဲ့ အလင်း ဒါန အဖြစ် ခွဲစိတ် ကုသပေးခဲ့သည်မှာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ညီရင်းအစ်ကို ချစ်ကြည်မှု၏ ပြယုဂ်များပင် ဖြစ်သည်။

မျက်စိ နှစ်ဖက်လုံး ခွဲစိတ် ကုသမှု ခံယူခဲ့သူ မှော်ဘီ မြို့နယ်မှ ဒေါ်ခင်လှမော်အား တွေ့ရစဉ်(ဆင်ဟွာ) 

လတ်တလော နှစ်များတွင် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံမှ မျက်စိ ဆရာဝန်များသည် ရန်ကုန် ၊ နေပြည်တော် ၊ မန္တလေး ၊ စစ်ကိုင်း ၊ တောင်ကြီး အစရှိသည့် မြို့ကြီးများ၌ မျက်စိ ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ် ကုသမှု ပြုလုပ်ပေးခြင်းဖြင့် စက္ခုအလင်း ကွယ်နေကြသော ပြည်သူများ အတွက် ၎င်းတို့၏ လူနေမှု ဘဝကို များစွာ အပြောင်းအလဲ အထောက်အပံ့ ကောင်းများ ဖြစ်စေခဲ့သည်။

တရုတ် နိုင်ငံမှ ဆရာဝန်က မြန်မာနိုင်ငံရှိ မျက်စိ ဝေဒနာရှင် တစ်ဦးအား မျက်စိ ခွဲစိတ် ကုသမှုများ ပြုလုပ်နေစဉ် (ဆင်ဟွာ)

အဆိုပါ စက္ခုအလင်းဒါန “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှုတွင် မျက်စိ နှစ်ဖက်လုံး ခွဲစိတ် ကုသမှု ခံယူခဲ့သူ တစ်ဦး ဖြစ်သည့် ရန်ကုန် တိုင်းဒေသကြီး မှော်ဘီ မြို့နယ်နေ ဒေါ်ခင်လှမော်က “အန်တီက အစတုန်းက ဝါးတားတားနဲ့ ဘာမှ မမြင်ရဘူး။ ဘေးက လူခေါ်ရင်လဲ လက်ဟန်ခြေဟန် လုပ်ပြလဲ သိပ်မမြင်ရဘူး။ ခွဲပြီး ပြန်လာတဲ့ အချိန်က စလို့ မျက်လုံးဟာ ဟိုးအဝေး ကိုက် ၅၀ လောက်ကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။ နောက်ပြီး အနီးက စာတွေကိုလဲ သေးသေးလေးတွေက အစ မြင်ရတယ်။ မျက်စိက ကြည်တောက်သွားတော့ ကိုယ့်ရဲ့ နေထိုင်သွားလာမှုတွေ အတွက် ပိုကောင်းတာပေါ့ ။ အကုန် ရှင်းရှင်းလင်းလင်း မြင်နေရတယ်။”ဟု ဆင်ဟွာသို့ ပြောသည်။

 မျက်စိ ခွဲစိတ် ကုသမှု ခံယူခဲ့သူ ဦးလှဉီးအား တွေ့ရစဉ်(ဆင်ဟွာ) 

အသက် ၆၃ နှစ် အရွယ် ရှိသူ ဒေါ်ခင်လှမော်သည် မျက်စိ အတွင်းတိမ် ဝေဒနာ ခံစားနေခဲ့ရသည်မှာ သုံးနှစ်ကျော်ခန့် ရှိနေပြီး ခွဲစိတ် ကုသမှု ခံယူရန် ကြောက်စိတ်များ ရှိနေသဖြင့် ယခင်က ခွဲစိတ် ကုသမှု ခံယူခဲ့ခြင်း မရှိပေ။“တရုတ် နိုင်ငံက ဆရာဝန်တွေက တော်တော်ကို ကောင်းတယ်။ အန်တီ ခွဲစိတ်ခန်းထဲ ဝင်တဲ့ အချိန်တုန်းကလဲ ကြောက်နေတာ။ သူတို့က ကြောက်နေမှန်း သိတယ်။ သွေးတွေချိန်ပေးတယ်။ သူတို့ နွေးနွေးထွေးထွေး ဆက်ဆံတယ်။ အဲဒီမှာ ကြောက်စိတ်က နည်းနည်း ပျောက်တယ်။ သူတို့ ခွဲတဲ့ အချိန်မှာ ပထမဆုံးလောက်ပဲ အောင့်တောက်တောက်လေး ဖြစ်တယ်။ မခံနိုင်အောင် လောက်တော့ မဟုတ်ဘူး ။ အဲဒီမှာ သိပ်နာကျင်မှု မရှိတော့ သဘောကျပါတယ်။ အဲတော့ နောက်ထပ် မျက်စိ တစ်လုံး ခွဲဖို့ကို အဲဒီ တရုတ် အဖွဲ့ကိုပဲ မျှော်နေတော့တာ။ ဒီပြင့်မှာလဲ မခွဲရဲတော့ဘူးလေ။”ဟု ယင်း၏ အတွေ့အကြုံကို ရှင်းပြခဲ့သည်။ 

ထို့အတူ မှော်ဘီ မြို့နယ်မှ မျက်စိ အတွင်းတိမ် ဝေဒနာရှင် တစ်ဦး ဖြစ်သည့် အသက် ၆၀ အရွယ် ဦးလှဦးကလည်း “ခွဲရမယ် ဆိုတော့ ကိုယ်က တခါမှ မခွဲဘူးလေ။ မျက်လုံး ဆိုတော့ အင်မတန် နုတဲ့ အရာ ဖြစ်တော့ ဘာများ ဖြစ်မလဲ ဆိုပြီး စိုးရိမ်စိတ်တော့ ရှိတာပေါ့။ တကယ် ခွဲလိုက်တဲ့ အခါကြတော့လဲ အချိန်တို အတွင်းလေးမှာ ပြီးပျောက်သွားတာပေါ့။ ကုပြီးသွားတဲ့ အခါကြတော့ နဂိုတုန်းက စာကြည့်လို့ မကောင်းဘူး။ မျက်လုံးထဲမှာ နှင်းတွေ ကျသလိုမျိုးပေါ့။ဒါပေမယ့် ခွဲပြီးတဲ့ အခါကြတော့ အလုပ်တွေ လုပ်တဲ့ အခါကြတော့ မျက်မှန် မတပ်ရတော့ဘူး။ ဒီတိုင်း စာရေး ၊ စာကြည့်လို့ ရသွားပြီ။”ဟု ဝမ်းသာ ပီတိ စကား ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ၏ စက္ခုအလင်းဒါန “အလင်းရောင် ခရီးစဉ်”လှုပ်ရှားမှုတွင် မျက်စိ ခွဲစိတ် ကုသမှုတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

၎င်းက “တရုတ် နိုင်ငံက လာတဲ့ ဆရာဝန်တွေက ကျွမ်းကျင်မှုလဲ ရှိတယ်။ စေတနာလဲ ရှိတယ်။ အဲဒီ အပြင် မေတ္တာ  တရားပေါ့။ နိုင်ငံရပ်ခြား ဖြစ်နေပေမယ့် ဒီမှာ ရှိတဲ့ လူတွေ အပေါ် မေတ္တာထားပြီး ခွဲတဲ့ အတွက် တရုတ် နိုင်ငံက ဆရာဝန်တွေဟာ စေတနာ ၊ ဝါသနာ ၊ အနစ်နာနဲ့ ပြည့်စုံတယ်လို့ ဦးတို့ ဒီလိုပဲ ယူဆပါတယ်။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

“တရုတ် နိုင်ငံနဲ့ မြန်မာ နိုင်ငံ ဆိုတာ ဆွေမျိုးပေါက်ဖော် နိုင်ငံ ဖြစ်ပြီးတော့ နေရာ ဒေသခြားပေမယ့်လဲ လူမျိုးချင်းက အင်မတန် ချစ်ကြည်ရင်းနှီးတဲ့သူတွေ ဖြစ်တယ်။ အဲလို ချစ်ကြည် ရင်းနှီးတဲ့သူတွေ ဖြစ်သလို တစ်ဦးရဲ့ အားနည်းချက်ကို တစ်ဦး ဖြည့်ဆည်းမယ် ဆိုတဲ့ စေတနာ သဒ္ဒါတရား ရှိတဲ့ နိုင်ငံ ဖြစ်တဲ့ အတွက် ဦးတို့ အနေနဲ့ကတော့ ဒီလို လုပ်တဲ့ လုပ်ငန်းစဉ်တွေဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူတွေကို ညီရင်းအကို မောင်ရင်းနှမ လို စိတ်ထားရှိပြီး ကူညီပေးတယ်။ ဆွေမျိုးပေါက်ဖော် ချစ်ကြည် ရင်းနှီးမှုကို တိုးပွားစေတယ်။”ဟု ဦးလှဦးက ပြောကြားခဲ့သည်။

မျက်စိ ခွဲစိတ် ကုသမှု ခံယူခဲ့သူ ဒေါ်ခင်အုန်းမြင့်အား တွေ့ရစဉ်(ဆင်ဟွာ) 

တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုဖြင့် “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှုသည် နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှု ကို တိုးပွားစေမည် ဖြစ်ပြီး မျက်စိ ဝေဒနာရှင်များ အတွက်လည်း အလင်းရောင် ပြန်လည်ရရှိစေသည့် ရည်ရွက်ချက်ကောင်းဖြင့် ပြုလုပ်သော လှုပ်ရှားမှု တစ်ခု ဖြစ်ရာ လွန်စွာ ကောင်းမွန်သည့် ဆောင်ရွက်မှု ဖြစ်ကြောင်း မျက်စိ ခွဲစိတ် ကုသမှု ခံယူခဲ့သူများက မှတ်ချက်ပြုခဲ့ကြသည်။

အခြားသော အတွင်းတိမ် ဝေဒနာရှင် တစ်ဦး ဖြစ်သူ ဒေါ်ခင်အုန်းမြင့်ကလည်း “အခုလို တရုတ် နိုင်ငံက အဆက်မပြတ် အခမဲ့ ခွဲစိတ်ပေးတာ ကောင်းပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက်လဲ ကောင်းတယ်။ ချို့တဲ့တဲ့သူတွေ အဖို့လဲ အားရှိ သွားတာပေါ့။ အားလုံးကလဲ စိတ်ချမ်းသာကြတယ်။ ဒီလိုမျိုး လာခွဲစိတ် ကုသပေးတာ ကျွန်မတို့က သဘောကျပါတယ်။တရုတ် နိုင်ငံရဲ့ ကူညီ ထောက်ပံ့မှု အပေါ်ကို ကျေးဇူးလဲ တင်ပါတယ်။ အဲဒီလို လာလုပ်ဆောင်ပေးတဲ့ အတွက် နှစ်နိုင်ငံ ချစ်ကြည်ရေးလဲ ဖြစ်သလို လူမျိုး အချင်းချင်းလဲ ချစ်ကြည် ရင်းနှီးမှု ဖြစ်တာပေါ့။” ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။

 တရုတ် နိုင်ငံ၏ စက္ခုအလင်းဒါန “အလင်းရောင် ခရီးစဉ်”လှုပ်ရှားမှုတွင် မျက်စိ ခွဲစိတ် ကုသမှုတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ မျက်စိ အတွင်းတိမ် လူနာများအား အလင်းရောင် ပြန်လည် ရရှိရန် ဆောင်ရွက်ပေးသည့် တရုတ် နိုင်ငံ၏ စက္ခုအလင်းဒါန “အလင်းရောင် ခရီးစဉ်”လှုပ်ရှားမှုသည် တရုတ်-မြန်မာ ချစ်ကြည်ရေး အတွက် ပိုမို ခိုင်မာစေသည့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ခြင်း လှုပ်ရှားမှု တစ်ခု ဖြစ်သလို အိမ်နီးချင်း နိုင်ငံ အကြား ရိုင်းပင်း ကူညီမှု တစ်ခု ဟူ၍လည်း ဆိုနိုင်သည်။

ယခု ၂၀၂၀ ပြည့်နှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၇၀ ပြည့် အခါသမယဖြစ်သည်။ နှစ်နိုင်ငံကြားတွင် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အရှိန်အဟုန်မြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ပြည်သူအချင်းချင်းကြား အပြန်အလှန် ဖလှယ်များသည်လည်း တစ်နှစ်ထက်တစ်နှစ် တိုး၍ လာနေသည်ကို  အထင်အရှား မြင်တွေ့နေရသည်။ အထူးသဖြင့် တရုတ်နိုင်ငံသည် မြန်မာပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဘက်ပေါင်းစုံမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိရာတွင် နှစ်နိုင်ငံ ဆရာဝန်ကြီးများ လက်တွဲ ဆောင်ရွက်သည့် စက္ခုအလင်းဒါန “အလင်းရောင် ခရီးစဉ်”လှုပ်ရှားမှုသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ထို့ပြင်လည်း တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းများ ဆောက်လုပ် လှူဒါန်းခြင်း ၊ ပညာတော်သင်ဆုများ ပေးအပ် ချီးမြှင့်ခြင်း များကဲ့သို့သော ပညာရေး ၊ ကျန်းမာရေး ၊ ဘေးအန္တရာယ် ကယ်ဆယ်ရေး စသည့် ကဏ္ဍများတွင် ကူညီ ဆောင်ရွက် ပေးမှုများ လုပ်ဆောင်လျှက်ရှိရာ ထိုအရာများသည် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး အတွက် ပိုမိုနက်ရှိုင်းခိုင်မာစေသော တွန်းအားများဟုပင် ဆိုရပေတော့မည် ဖြစ်သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.