Connect with us

Social

တရုတ် နိုင်ငံ ၏ မျက်စိ အတွင်းတိမ် လူနာများအား အခမဲ့ ခွဲစိတ်ပေးသည့် “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု ရန်ကုန်မြို့တွင် ထပ်မံ ကျင်းပ

ရန်ကုန် ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ အတွင်းရှိ မျက်စိ အတွင်းတိမ် ဝေဒနာ ခံစားနေရသည့် လူနာ ၂၀၀ ဦးအား အခမဲ့ ခွဲစိတ်ကုသပေးသည့် “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု ဖွင့်ပွဲ အခမ်းအနား ကို သြဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ရန်ကုန်မြို့ရှိ သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနား သို့ သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး မှ ဦးဆောင်ဆရာတော် အရှင်ခေမာသီရိလင်္ကာရ ၊ မြန်မာ နိုင်ငံ ဆေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ အက်စ်ကျော်လှ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ သံမှူး မစ္စတာ ရန်ဆုံကျိန်း (Mr.Yang Shouzheng) နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ ယူနန်ပြည်နယ် ပြည်သူ့နိုင်ငံခြားချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ၊ ယူနန်ပြည်နယ် ဆေးကုသရေး အဖွဲ့ခေါင်းဆောင် မစ္စ ကျုံးဟုန် ဦးဆောင်သော အဖွဲ့ဝင်များ ၊ ဝိသာခါ ဖောင်ဒေရှင်း နာယက ပါမောက္ခ ဒေါက်တာ ဝင်းမင်းသစ် ၊ ဥက္ကဋ္ဌ ဒေါက်တာ စုလှဟန် နှင့် အဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာ နိုင်ငံ ဆေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ အက်စ်ကျော်လှ က အဖွင့်အမှာစကား ပြောကြားရာတွင် “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု သည် မြန်မာ နိုင်ငံ တွင် အလွန် ခရီးရောက်နေပြီးဖြစ်ကာ မြန်မာ နိုင်ငံ တွင် အကြိမ်များစွာ လာရောက်ကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း ၊ စက္ခုအာရုံ ဆိုသည်မှာ လူ့အတွက် အလွန်အရေးပါသည့် အရာဖြစ်သောကြောင့် ယခုကဲ့သို့ လူနာများစွာအား တစ်ပြိုင်တည်း ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးသည့် အတွက် လွန်စွာ ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

သံမှူး မစ္စတာ ရန်ဆုံကျိန်း က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် မျက်စိ သည် နှလုံးသား၏ ပြူတင်းပေါက် ဖြစ်ပြီး ချို့ယွင်းခဲ့ပါက ပတ်ဝန်းကျင်လောက ကို ကောင်းမွန်စွာ ခံစား၍ မရတော့ကြောင်း ၊ “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု ၏ ဦးတည်ချက်သည် မြန်မာ နိုင်ငံ အတွင်းရှိ မျက်စိ အတွင်းတိမ် လူနာများ၏ နှလုံးသား ပြူတင်းပေါက် ကို တောက်ပ အောင်လုပ်ပေးခြင်း ဖြင့် လောကကြီးနှင့် ဆက်သွယ် နိုင်သည့် တံတားကို တည်ဆောက်ပေးခြင်း ဖြစ်ကြောင်း ၊ ယခုကဲ့သို့ မျက်စိ အတွင်းတိမ် အခမဲ့ ခွဲစိတ်မှု ဆောင်ရွက်ခြင်း အားဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး တို့ကို ပိုမိုနက်ရှိုင်းစေမည် ဟု ယုံကြည်ကြောင်း ၊ လတ်တလော နှစ်များတွင် တရုတ် နိုင်ငံ မှ ဆေးဝါးကုသရေး နှင့် ပရဟိတ အဖွဲ့အစည်း ပေါင်း ၁၀ ခုကျော် သည် မြန်မာ နိုင်ငံ အတွင်း “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု ပေါင်း ၂၇ ကြိမ် ပြုလုပ်ပေးခဲ့ပြီး အတွင်းတိမ် လူနာပေါင်း ၆၀၀၀ ခန့်ကို အခမဲ့ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း ၊ ထို့ပြင် လက်ရှိ အချိန်၌ မြန်မာ နိုင်ငံ တွင် H1N1 ရာသီတုပ်ကွေး ရောဂါ ဖြစ်ပွားနေသောကြောင့် တရုတ် နိုင်ငံ မှ ထောက်ပံ့ကူညီမည့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများသည်လည်း မကြာမီ အချိန်တွင် အထူးလေယာဉ်ဖြင့် မြန်မာ နိုင်ငံ ကို ရောက်ရှိတော့မည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ မှ မြန်မာ နိုင်ငံအား ဆေးဝါးကုသမှု လေ့ကျင့်ရေး စင်တာ နှင့် ကူးစက်ပျံ့နှံမှု ရောဂါ ထိန်းချုပ်ရေး စင်တာ တည်ဆောက်ရေး တွင်လည်း ကူညီပေးသွားမည် ဖြစ်ကြောင်း ၊ ယင်းကဲ့သို့ ကူညီဆောင်ရွက်မှု များဖြင့် မြန်မာ နိုင်ငံ ပြည်သူလူထု တို့၏ ကျန်းမာရေး အဆင့်အတန်း ကို မြှင့်တင်နိုင်ရန် နှင့် ပိုမို ကျန်းမာသည့် လူနေမှုဘဝ ရရှိရန် အတွက် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မစ္စ ကျုံးဟုန် က မျက်စိ အတွင်းတိမ် အခမဲ့ ခွဲစိတ်ကုသပေးခြင်း နှင့် ပတ်သက်၍ ပြောကြား ခဲ့ရာတွင် ယခု အကြိမ် အခမဲ့ ခွဲစိတ်ကုသမှု ကို တရုတ် နိုင်ငံ ယူနန်ပြည်နယ် အမှတ်(၂) ဆေးရုံကြီး မှ စေလွှတ်ခဲ့ခြင်း ဖြစ်ပြီး ယခင် နှစ်ကလည်း ယခု ဆေးရုံ တွင် ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးခဲ့ရာ ရာနှုန်းပြည့် အောင်မြင် ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ယူနန်လူမှုရေး အဖွဲ့အစည်း နိုင်ငံတကာ ကူးလူးဆက်ဆံမှု ချစ်ကြည်ရေး ဖောင်ဒေးရှင်း သည် ၂၀၁၃ ခုနှစ်တွင် တည်ထောင် ခဲ့ပြီး မြန်မာ နိုင်ငံ ဒေသအသီးသီး တွင် အတွင်းတိမ် လူနာပေါင်း ၁၆၀၀ ကျော် ကို အခမဲ့ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း ၊ “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု မှ တစ်ဆင့် မြန်မာ နိုင်ငံ ပြည်သူလူထု တို့အား မျက်စိအလင်းရောင် နှင့် ချစ်ခြင်းမေတ္တာ တို့ကိုပေးကမ်းသွားမည် ဖြစ်ပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ဆက်ဆံရေး ကို ပိုမိုနက်ရှိုင်းခိုင်မြဲအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဝိသာခါ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ စုလှဟန် က အခမဲ့ ခွဲစိတ်ကုသမှု နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် ဖောင်ဒေးရှင်း စတင်ထူထောင်ချိန်မှ စ၍ ဝိသာခါ ဖောင်ဒေးရှင်း သည် မျက်စိ ခွဲစိတ်ကုသမှု နှင့် ပတ်သက်၍ အစဉ်တစိုက် လှုပ်ရှားဆောင်ရွက် ခဲ့ပြီး မြန်မာ နိုင်ငံ အနှံတွင် အခမဲ့ခွဲစိတ်ကုသမှု များဆောင်ရွက်ပေးခဲ့ရာ လူနာပေါင်း ၁၅၀၀ ကျော်ကို ခွဲစိတ်မှု ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အဖွဲ့အစည်း များနှင့် ပူးပေါင်းကာ အခမဲ့ ခွဲစိတ်ကုသမှုပေါင်း အယောက် ၇၀၀ ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၊ မျက်စိ ဝေဒနာ ခံစားရပါက ကျန်းမာရေး တင်မကဘဲ စီးပွားရေး ပါ ထိခိုက်လာ နိုင်သည့် အတွက် ယခု ကဲ့သို့ ခွဲစိတ်မှု ဆောင်ရွက်ပေးခြင်း သည် မိသားစုများ ၏ ဒုက္ခများကို ဖြေရှင်းပေးရာ ရောက်ကြောင်း ၊ ဆက်လက်၍ ပြည်တွင်း ပြည်ပ အဖွဲ့အစည်း များနှင့် ပူးပေါင်းကာ မျက်စိ ဒါန ကုသိုလ်ဖြစ် လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် တရုတ် နိုင်ငံ ယူနန်လူမှုရေး အဖွဲ့အစည်း နိုင်ငံတကာ ကူးလူးဆက်ဆံမှု ချစ်ကြည်ရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စ ကျုံးဟုန်း မှ လှူဒါန်းငွေ ကျပ် သိန်း ၈၀ ကို သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး မှ ဦးဆောင်ဆရာတော် အရှင်ခေမာသီရိလင်္ကာရ ထံသို့ ပေးအပ်ခဲ့ပြီး ဆရာတော် က ကျေးဇူးတင် စကား ပြောကြား ရာတွင် ကုသိုလ်ဖြစ် ဆေးရုံ တည်ထောင်ခဲ့သည့် ၇ နှစ်တာ ကာလအတွင်း လူနာပေါင်း ၁၀,၂၅၀ ကို ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၊ ယခင်နှစ်၌ လည်း တရုတ် နိုင်ငံ ယူနန်လူမှုရေး အဖွဲ့အစည်း နိုင်ငံတကာ ကူးလူးဆက်ဆံမှု ချစ်ကြည်ရေး ဖောင်ဒေးရှင်း က အခမဲ့ ခွဲစိတ်ကုသမှု လာရောက်ပြုလုပ်ပေးခဲ့ပြီး ဆေးဝါးများ နှင့် လိုအပ်သည့် ပစ္စည်းများကို လှူဒါန်းပေးခဲ့ကြောင်း ၊ ယခုလည်း အခမဲ့ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးသည့် အပြင် ဆေးရုံ၌ လိုအပ်သည့် ငွေကြေး သိန်း ၈၀ ကို လှူဒါန်းပေးသည့် အတွက် ဆွေမျိုးပေါက်ဖော် ပီသခြင်း ကို ပြသခဲ့သဖြင့် ဆွေမျိုးများနှင့် ပြန်လည် ဆုံတွေ့ရသကဲ့သို့ ခံစားရကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် ဝိသာခါ ဖောင်ဒေးရှင်း မှ ဒုတိယ ဥက္ကဋ္ဌ ဒေါ်မာလာမြင့် မှ ကျေးဇူးတင်စကား ပြောကြား ခဲ့ပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးကာ အခမ်းအနား ပြီးဆုံးကြောင်း ကြေညာခဲ့ပါသည်။

မျက်စိ အတွင်းတိမ် အခမဲ့ ခွဲစိတ်ကုသမှု ခံယူမည့် အသက် ၇၀ နှစ်ရှိ အဖွား ဒေါ်ဥခင်သန်း က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြား ခဲ့ရာတွင် ယခု ကဲ့သို့ တရုတ် နိုင်ငံ မှ ပရဟိတ အသင်း မှ အခမဲ့ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးမည် ကို သိရှိရချိန်တွင် လွန်စွာ ဝမ်းသာမိကြောင်း ၊ တရုတ် နိုင်ငံ မှ လာရောက် ကူညီထောက်ပံ့မှု ဆောင်ရွက်ပေးခြင်း အတွက် ကျေးဇူးတင်ရှိကြောင်း နှင့် ဆက်လက်၍ ပိုမိုများပြား စွာ လှူဒါန်း နိုင်စေရန် ဆုမွန်ကောင်း တောင်းကြောင်း ပြောကြား ခဲ့သည်။

ယခု အကြိမ် မြန်မာ နိုင်ငံ ရှိ မျက်စိ အတွင်းတိမ် လူနာပေါင်း ၂၀၀ ကို အခမဲ့ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးသည့် “အလင်းရောင် ခရီးစဉ်” လှုပ်ရှားမှု ကို တရုတ် နိုင်ငံ ယူနန်လူမှုရေး အဖွဲ့အစည်း နိုင်ငံတကာ ကူးလူးဆက်ဆံမှု ချစ်ကြည်ရေး ဖောင်ဒေးရှင်း ၊ သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး နှင့် ဝိသာခါ ဖောင်ဒေးရှင်း တို့မှ ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.