Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းတွင် ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၅ ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ယခင်ကဖြစ်ပွားခဲ့သော ကားဗုံးခွဲတိုက်ခိုက်မှု တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း Zabulပြည်နယ် Qalat မြို့တွင် စက်တင်ဘာ ၁၉ ရက်က ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၅ ဦးသေဆုံးပြီး ၆၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nasrat Rahimi က ယင်းနေ့တွင် ပြောကြားခဲ့သည်။

အချင်းဖြစ်ပွားချိန်သည် နံနက် ၆ နာရီခန့်က ဖြစ်ကြောင်း ၊ အကြမ်းဖက်သမားတစ်ဦးက ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးကို Qalat မြို့ရှိ ဆေးရုံတစ်ခုအနီးတွင် ဖောက်ခွဲခဲ့ကြောင်း Zabulပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ Sayalက ဆိုသည်။ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အနီးဝန်းကျင်ရှိ အဆောက်အဦများ ပျက်စီးခဲ့ရကြောင်း သိရသည်။

အာဖဂန်နိုင်ငံ လုံခြုံရေးဌာန ရုံးခန်းသည်လည်း အချင်းဖြစ်ပွားရာနေရာအနီးတွင် တည်ရှိကြောင်း၊ သို့သော်လည်း ယင်းဌာနတွင် သေဆုံးဒဏ်ရာရမှုမဖြစ်ပွားခဲ့ကြောင်း Sayalက ဆိုသည်။

တာလီဘန်များက အဆိုပါတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်းနှင့် ယင်းဒေသ အာဖဂန် လုံခြုံရေး ဌာန ရုံးခန်းကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။

ယခုကာလများတွင် အာဖဂန် တာလီဘန်များ၏ လှုပ်ရှားမှုများ များပြားလျက်ရှိရာ ဖောက်ခွဲတိုက်ခိုက်မှုများ အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၁၇ ရက်တွင် ကဘူးလ်နှင့် ပါလ်ဝန်(parwan)ပြည်နယ်နှစ်ခုတွင် ဗုံးခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ စုစုပေါင်း လူ ၄၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.