Connect with us

Africa & Middle East

ကုလသမဂ္ဂ အပစ်အခတ်ရပ်စဲရေးလေ့လာစောင့်ကြည့်မှုအဖွဲ့အကြီးအကဲ ဟူဒေးဒါရ်မြို့၌ တိုက်ခိုက်ခံရကြောင်း ယီမင်သူပုန်အဖွဲ့ပြောကြား

ယီမင်နိုင်ငံ၌ တိုက်ခိုက်ခံရသော ကုလသမဂ္ဂ အပစ်အခတ်ရပ်စဲရေး လေ့လာစောင့်ကြည့်မှုအကြီးအကဲ ဗိုလ်ချုပ်ကြီး Michael Lollesgaard အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆာနား ၊ မတ် ၃ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံ၌ ကုလသမဂ္ဂအပစ်အခတ်ရပ်စဲရေးလေ့လာစောင့်ကြည့်မှုအဖွဲ့အကြီးအကဲ ဒိန်းမတ်ဗိုလ်ချုပ်ကြီး Michael Lollesgaard သည် ယီမင်နိုင်ငံ ပင်လယ်နီရှိ အဓိကဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော ဟူဒေးဒါရ်မြို့(Hodeidah) ၌ တိုက်ခိုက်ခံရကြောင်း ယီမင်ဟူတီသူပုန်အဖွဲ့က မတ် ၂ ရက်တွင်ပြောကြားခဲ့သည်။

“ ကုလသမဂ္ဂအရာရှိကြီး Lollesgaard ဟာ ပင်လယ်နီကနေ ကားမောင်းပြန်လာစဉ် လမ်း ၅ဝ ပေါ်မှာ သေနတ်နဲ့အပစ်ခံရတာပါ” ဟု ဟူတီသူပုန်များက ၎င်းတို့ထိန်းချုပ်ထားသော Saba သတင်းအေဂျင်စီမှ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအတွက် သူပုန်တပ်ဖွဲ့က အစိုးရတပ်ဖွဲ့ဝင်များအား ပြစ်တင်ပြောကြားခဲ့သည်။သို့သော်လည်း အဆိုပါတိုက်ခိုက်မှုအပေါ် ဆော်ဒီအာရေးဗျနိုင်ငံ ရီယာ့ဒ်မြို့၌ အခြေစိုက်ထားသော ယီမင်အစိုးရအဖွဲ့နှင့် ကုလသမဂ္ဂဖက်က မှတ်ချက်တစ်စုံတစ်ရာ အသီးသီး ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂူတာရက်စ်သည် ပြီးခဲ့သော ဇန်နဝါရီလတွင် ဟူဒေးဒါရ်သဘောတူညီချက်အကောင်အထည်ဖော်ရေးဆိုင်ရာ ကုလတပ်အကြီးအကဲ နှင့် ပူးပေါင်းဆောင်ရွက်မှုကော်မတီ(RCC) ဥက္ကဋ္ဌ အဖြစ် Lollesgaard အား ခန့်အပ်တာဝန်ပေးခဲ့သည်။

အဆိုပါရာထူးတာဝန်ကို ယခင်က ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီး Patrick Cammaert သည် ဇန်နဝါရီ ၁၇ ရက်တွင် ယီမင်နိုင်ငံ၌ တိုက်ခိုက်ခံရပြီးနောက် Lollesgaard က ဆက်ခံတာဝန်ယူခဲ့ခြင်းဖြစ်သည်။

ယီမင်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် သဘောတူညီခဲ့သော်လည်း နှစ်ဖက်ပြိုင်ဖက်တပ်များအကြား တပ်ဆုပ်မှုအနေအထားမှာ အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိသေးပေ။

နိုင်ငံတကာက အသိအမှတ်ပြုထားသော ယီမင်အစိုးရအဖွဲ့ သမ္မတ Abd-Rabbu Mansour Hadi အား ဟူတီသူပုန်များက နိုင်ငံအတွင်းမှ ထွက်ပြေးသွားအောင် တိုက်ထုတ်ခဲ့ပြီးနောက် သမ္မတMansourအားအကူအညီပေးရန် ဆော်ဒီအာရေးဗျ နှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့ပါဝင်သော အာရပ်စစ်ဘက်မဟာမိတ်အဖွဲ့တစ်ခုသည် ယီမင်နိုင်ငံသို့၂ဝ၁၅ ခုနှစ်တွင် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခဲ့ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.