Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံတွင် ကလေးငယ် ၂ သန်းကျော် ကျောင်းနေခွင့် မရဟု ကုလသမဂ္ဂ ပြောကြား

၂၀၁၈ ခုနှစ် အတွင်း ဆီးရီးယား နိုင်ငံရှိ ပျက်စီးနေသော စာသင်ကျောင်းများအား ပြန်လည် ဆောက်လုပ် နေမှုများအား တွေ့ ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ မတ် ၂ ရက်(ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ၌ လက်ရှိ အခြေအနေတွင် ကျောင်းနေခွင့် မရဘဲ ကျောင်းပြင်ပရောက်နေသည့် ယောက်ကျာၤးလေး နှင့် မိန်းကလေး ဦးရေမှာ ၂ သန်းကျော် ရှိပြီး လူ ၁၀ ဦးတွင် ၈ ဦးကျော်မှာ ဆင်းရဲနွမ်းပါးမှု မျဉ်းအောက် ရောက်နေရကြောင်း နှင့် လူသား အရင်းအမြစ်များ ဆုံးရှုံးလျက် ရှိကြောင်း ၊ ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာများ လိုအပ်နေကြောင်း သိရသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်(Antonio Guterres)၏ ပြောရေးဆိုခွင့် ရှိသူ Stephane Dujarric က ပုံမှန် သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် သတင်းထောက်များကို ပြောကြားခဲ့ရာတွင် ၂၀၁၉ ခုနှစ် ပြန်လည် သုံးသပ်ချက်သည် ဆီးရီးယား နိုင်ငံတွင် စစ်ပွဲကာလ ၈ နှစ်အတွင်း သန်းပေါင်းများစွာသော ဒုက္ခသည် ပြည်သူများ အတွက် အကြပ်အတည်း အခြေအနေကို သတိပြုမိစေရန် နှိုးဆွပေးခြင်း ဖြစ်ကြောင်း သိရသည်။

၁၁ သန်းကျော်ရှိသော ပြည်သူများသည် အစားအစာ ၊ ကျန်းမာရေး စောင့်ရှောက်မှု ၊ ခိုနားရာ နေရာ ၊ ရေ ၊ ကျန်းမာ သန့်ရှင်းမှု ဆောင်ရွက်ခြင်း ၊ တကိုယ်ရေ နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး နှင့် ၎င်းတို့အတွက် သက်မွေး ဝမ်းကြောင်း အပါအဝင် အကူအညီ တစ်ချို့အား လိုအပ်နေဆဲ ဖြစ်ကြောင်း ပြောရေးဆိုခွင့် ရှိသူ Stephane Dujarric က ပြောကြားခဲ့သည်။

“့ကုလသမဂ္ဂနဲ့မိတ်ဖက် အဖွဲ့အစည်းတွေက ၁၁ သန်းကျော် ပြည်သူတွေ အတွက် အရေးပါတဲ့ အသက်ကယ်တင်မှုတွေ ၊ ကာကွယ်မှုတွေနဲ့သက်မွေးဝမ်းကြောင်း လိုအပ်ချက်တွေကို ထောက်ပံ့ပေးဖို့အလှူရှင်တွေက ဆက်လက် လုပ်ဆောင် နေပါတယ်။”ဟု ၎င်းက ပြောသည်။

အကျပ်အတည်း အခြေအနေ၏ သွင်ပြင် လက္ခဏာ တစ်ရပ် အဖြစ် နေရပ်စွန့်ခွာ ထွက်ပြေးမှုများက ဆက်လက် တည်ရှိနေကာ ခန့်မှန်းခြေ ၆ ဒသမ ၂ သန်းခန့်ပြည်သူများမှာ မိမိတို့၏ အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ကြသည်။ (Xinhua)