Connect with us

Africa & Middle East

ထောင်ဖောက်ရန် ကြံစည်မှုဖြင့် အီဂျစ်သမ္မတဟောင်း မော်စီအား ပြန်လည် တရားစီရင်မည်

တရားရုံးသို့ ရုံးထုတ်လာသည့် အီဂျစ်နိုင်ငံ သမ္မတဟောင်း မိုဟာမက်မော်စီ အားတွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

ကိုင်ရိုမြို့ရာဇဝတ်မှုဆိုင်ရာ တရားရုံးက အီဂျစ်နိုင်ငံ သမ္မတဟောင်း မိုဟာမက်မော်စီ နှင့် မွတ်စလင်ညီနောင်အဖွဲ့ဝင် များစွာအား ထောင်ဖောက်ရန် ကြံစည်မှုစွဲချက်များအတွက် ပြန်လည်တရားစီရင်မည့်နေ့ကို ဇူလိုင် ၂၀ ရက်သို့ ရွှေ့ဆိုင်းရန် ဇူလိုင် ၁၅ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မော်စီ နှင့် အပေါင်းအပါများသည် ဇန်နဝါရီ ၂၅ ရက်တွင် ပုန်ကန်မှုအစပြုခဲ့ချိန်၌ ရဲတပ်ဖွဲ့၏ အဆောက်အအုံများအား တိုက်ခိုက်ခဲ့မှု နှင့် ရဲအရာရှိများအား သတ်ဖြတ်ခဲ့မှု စွဲချက်များနှင့်လည်း တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း နိုင်ငံပိုင် MENA သတင်းဋ္ဌာနကဖော်ပြခဲ့သည်။

ကိုင်ရိုတရားရုံးတစ်ခုက တရားခံများအပေါ်ချမှတ်ခဲ့သည့် ယခင်ပြစ်ဒဏ်များကို အီဂျစ်နိုင်ငံ အထူးအယူခံတရားရုံးက ၂၀၁၆ခုနှစ် နိုဝင်ဘာလတွင် ပယ်ချခဲ့ပြီး ပြန်လည်တရားစီရင်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ကိုင်ရိုမြို့ရာဇဝတ်မှုဆိုင်ရာ တရားရုံးက ၂၀၁၅ခုနှစ် ဇွန်လတွင် မော်စီ အပါအဝင် မွတ်စလင်ညီနောင်အဖွဲ့၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် Mohamed Badie နှင့် ၎င်း၏ လက်ထောက် Rashad el Bayoumi၊ မွတ်စလင်ညီနောင်အဖွဲ့ဝင် Mohie Hamed၊ အဖွဲ့ခေါင်းဆောင် Essam el Eryan နှင့် လွှတ်တော်ဥက္ကဋ္ဌဟောင်း Mohamed el Katatny တို့အား ကြိုးမိန့်ပေးခဲ့ကြောင်း သိရသည်။အခြား တရားခံ ၂၀ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် တရားခံ ၂ဦးကျော်အား ထောင်ဒဏ်များအသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)