Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံရှိ ဗလီတစ်လုံးတွင် ပေါက်ကွဲမှုဖြစ်ပွား၊ လူ ၁၄ ဦးသေဆုံးကာ ၂၀ ဦး ဒဏ်ရာရရှိ

ပါကစ္စတန်နိုင်ငံ ကွတ်တာပြည်နယ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဗလီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ် မြို့တော် ကွတ်တာရှိ ဗလီကျောင်းတစ်လုံးတွင် ဇန်နဝါရီ ၁၀ ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၄ ဦးထက်မနည်း သေဆုံးပြီး အခြားသူ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့်ရဲအရာရှိတစ်ဦးက ပြောခဲ့သည်။

ကွတ်တာရှိ ဒုတိယရဲမှူးတစ်ဦး အပါအဝင် သေဆုံးသူများသည် ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ဗလီကျောင်းအတွင်း ဝတ်ပြုနေခြင်းဖြစ်ကြောင်း ကွတ်တာပြည်နယ် ရဲဘက်ဆိုင်ရာ စစ်ဆေးရေးအရာရှိ အဗ္ဗဒူလ် ရာဇတ် ချီမာက ဆင်ဟွာသို့ ပြောခဲ့သည်။

ပါကစ္စတန်နိုင်ငံ ကွတ်တာပြည်နယ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဗလီအတွင်း အပျက်အစီးများအား တွေ့ရစဉ် (ဆင်ဟွာ)

မီဒီယာသို့ ထုတ်ဖော်ပြောကြားခဲ့သည့် ကနဦး စုံစမ်းစစ်ဆေးမှုသတင်းများအရ ပေါက်ကွဲမှုကို အသေခံဗုံးခွဲသူတစ်ဦးက လုပ်ဆောင်ခဲ့ဖွယ်ရှိကြောင်း၊ ပြည်နယ်အတွင်းရှိ ဗလီများနှင့် အခြား ဘာသာရေးနေရာများတွင်လည်း လုံခြုံရေး တိုးမြှင့်ချထားခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူများကို ကွတ်တာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ၎င်းတို့အနက် အများစုမှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိကြောင်း ဆေးရုံ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့သည်။

ပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သူကမျှ တာဝန်ယူပြောကြားထားခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)