Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံ မြို့တော်တွင် တိုက်ခိုက်မှုဖြစ်ပွားခြင်းကြောင့် လူပေါင်း ၂,၈၀၀ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရ

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တောင်ပိုင်းရှိ စစ်တပ်ပိုင် ယာဉ်တစ်စင်းပေါ်ရှိ လက်နက်များအား အစိုးရတပ်ဖွဲ့ဝင်တစ်ဦးမှ စစ်ဆေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ထရီပိုလီ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီတွင် ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားသော အစိုးရတပ်ဖွဲ့များနှင့် နိုင်ငံ အရှေ့ပိုင်းအခြေစိုက် စစ်တပ်အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၂,၈၀၀ ၎င်းတို့ အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ဧပြီလ ၈ ရက်တွင် ပြောကြားလိုက်သည်။

“စစ်ကြောင့် ထိခိုက်သေဆုံးသူများနှင့် အရပ်သားများထံ အရေးပေါ်အကူအညီများ ပေးပို့မှုကို ပိတ်ခံထားရတဲ့အချိန်မှာပင် ထရီပိုလီမြို့ထဲနဲ့ အနီးဝန်းကျင်မှာ အကြမ်းဖက်မှု အရှိန်မြင့်လာခြင်းကြောင့် လူ ၂,၈၀၀ ကျော်အား အိုးအိမ်များ အိမ်ရာပစ်ပြေးစေခဲ့သလို လျှပ်စစ်လိုင်းတွေလဲ ပျက်စီးခဲ့တယ်” ဟု လစ်ဗျားနိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းရေးမှူး မာရီယာ ရီဘေရို (Maria Ribeiro) က ကြေညာချက်တွင် ပြောခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ယင်းနယ်မြေရှိ ထိန်းသိမ်းရေးစင်တာများ၌ ထိန်းသိမ်းထားသော ဒုက္ခသည်များနှင့် ရွှေ့ပြောင်းသွားလာသူများအပေါ်လည်း သက်ရောက်မှုရှိကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူက ပြောကြားခဲ့သည်။

ပဋိပက္ခနယ်မြေတွင် အရေးပေါ်ဝန်ဆောင်မှုများနှင့် အရပ်သားများ ဘေးကင်းစွာ ဝင်ရောက်ခွင့်နှင့် ဖြတ်သန်းသွားလာခွင့် ပြုရန် ယာယီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စစ်ပြေငြိမ်းခြင်းအတွက်လည်း ကြေညာချက်၌ ပြောထားသည်။

ခါလီဖာ ဟတ်ဖ်တာ (Khalifa Haftar) ဦးဆောင်သော စစ်တပ်က ကုလသမဂ္ဂက ကျောထောက်နောက်ခံပြုထားသော ထရီပိုလီမြို့ရှိရာ နိုင်ငံ အနောက်ဘက်ပိုင်းအား ရယူရန် ဧပြီလ ၄ ရက်က စစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်ခဲ့သည်။

ယင်းနေ့မတိုင်မီတစ်ရက်က အစိုးရတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူပုဂ္ဂိုလ်မှကလည်း အရှေ့ပိုင်းတပ်ဖွဲ့များကို တိုက်ခိုက်ရန် အစိုးရတပ်ဖွဲ့များ၏ စစ်ဆင်ရေးတစ်ခုကို ကြေညာခဲ့သည်။

လစ်ဗျားနိုင်ငံ၏ အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို အစိုးရနှစ်ခုက နိုင်ငံရေးအရ ပိုင်းခြားထားခြင်းဖြစ်ပြီး ဟတ်ဖ်တာ ဦးဆောင်သည့် စစ်တပ်က နိုင်ငံ အရှေ့ပိုင်း အခြေစိုက် အစိုးရနှင့် မဟာမိတ်ပြုထားခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.