Connect with us

Africa & Middle East

လစ်ဗျား အမျိုးသား တပ်မတော်က မြို့တော်ထရီပိုလီ လေဆိပ်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

လစ်ဗျား အမျိုးသားတပ်မတော်အား ပြန်လည်တိုက်ခိုက်ရန် အမျိုးသားညီညွတ်ရေးအစိုးရတပ်ဖွဲ့က အဝေးပစ်စက်သေနတ်များပြင်ဆင်နေပုံ (ဆင်ဟွာ)

ထရီပိုလီ၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံအရှေ့ပိုင်း လက်နက်ကိုင်အင်အားစု အမျိုးသားတပ်မတော် လေတပ်က ဧပြီလ ၈ ရက် တွင် မြို့တော်ထရီပိုလီရှိ M’etiga အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာ လက်ရှိတွင် အဆိုပါလေဆိပ်ကို ပိတ်ထားရကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လေဆိပ်ရှိလေယာဉ်ပြေးလမ်း တစ်ခု ပျက်စီးခဲ့သော်လည်း သေဆုံးဒဏ်ရာရမှုများ မဖြစ်ပွားခဲ့ကြောင်း M’etigaအပြည်ပြည်ဆိုင်ရာလေဆိပ်၏ လုံခြုံရေးဝန်ထမ်းများက အချင်းဖြစ်ပွားသောနေ့တွင် မီဒီယာများကို ပြောကြားခဲ့သည်။ လုံခြုံရေးအရ လေဆိပ်ကို ပိတ်ထားရကြောင်း သိရသည်။

လစ်ဗျားနိုင်ငံအရှေ့ပိုင်းကို ထိန်းချုပ်သည့် လစ်ဗျားအမျိုးသားတပ်မတော်သည် ဧပြီ ၄ ရက်နေ့တွင် စတင်၍ ထရီပိုလီကို စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ ၎င်းဒေသကို ထိန်းချုပ်ထားသည့် အမျိုးသား ညီညွတ်ရေးအစိုးရတပ်ဖွဲ့တို့အကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

လက်ရှိတွင် တိုက်ပွဲများကြောင့် သေဆုံးသူ ၂၅ ဦး ရှိပြီဖြစ်ပြီး လူပေါင်း ၂၈၀၀ ကျော် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှ ထွက်ခွာခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီး ဌာန၏ သတင်းများအရ သိရသည်။

လစ်ဗျားနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် မွမ်မာကဒတ်ဖီးအစိုးရအဖွဲ့ ဖြုတ်ချခံရပြီးနောက် နိုင်ငံအတွင်း မငြိမ်မသက်မှုများဖြစ်ပွားခဲ့ရာ လက်ရှိတွင် အင်အားနှစ်ခု ကွဲထွက်နေ ပြီး ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားနေသလို နေရာအမြောက်အမြားတွင် အစိုးရမဲ့အနေအထားဖြစ်နေသည်။ လစ်ဗျားနိုင်ငံ အမျိုးသား ညီညွတ်ရေးအစိုးရနှင့် ၎င်းတို့အား ထောက်ခံသည့် လက်နက်ကိုင်အင်အားစုမှာ အနောက်ပိုင်းဒေသအချို့ကို ထိန်းချုပ်ထားပြီး အောက်လွှတ်တော် အဖွဲ့က လစ်ဗျားနိုင်ငံအရှေ့ပိုင်းရှိ Tobruk မြို့တွင် အစိုးရဖွဲ့၍ Khalifa Haftar ဦးဆောင်သည့် အမျိုးသားတပ်မတော် နှင့်ပူးပေါင်း ကာ လစ်ဗျားအရှေ့ပိုင်း၊အလယ်ပိုင်း ဒေသများ၊ တောင်ပိုင်းရှိ အဓိက မြို့များနှင့် အနောက်ပိုင်းရှိမြို့ အချို့ကို ထိန်းချုပ်ထားသည်။ (Xinhua)