Connect with us

Africa & Middle East

အီရတ်နိုင်ငံကာဘလာ၌ လူအုပ်ပိ၍ ရှီယိုက်ဘာသာဝင်ဘုရားဖူး ၃၁ ဦးသေဆုံး ၊ ၁ဝဝ ကျော်ဒဏ်ရာရ

အီရတ်နိုင်ငံ ကာဘလာ၌ ဘုရားဖူးဧည့်သည်များ လူအုပ်ပိမိမှုဖြစ်ပွားနေစဉ်(ဆင်ဟွာ)

ဘဂ္ဂဒတ် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့တောင်ပိုင်းရှိ ရှီယိုက်ဘာသာဝင်တို့၏ အထွဋ်အမြတ် ကာဘလာမြို့(Karbala)၌ လူအုပ်ပိမိမှုတစ်ခုအတွင်း စက်တင်ဘာ ၁ဝ ရက်တွင် အနည်းဆုံး ရှီယိုက်ဘုရားဖူး ၃၁ ဦးသေဆုံးပြီး အခြား ၁ဝဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အီရတ်ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

အဆိုပါမတော်တဆမှုသည် စက်တင်ဘာ ၁ဝ ရက် မွန်းလွဲပိုင်းက ဘဂ္ဂဒတ်မြို့တောင်ဘက် ၁၁ဝ ကီလိုမီတာအကွာ ကာဘလာမြို့ရှိ Imam Hussein သာသနာ့မြေသို့ဝင်ပေါက်တွင် ရှီယိုက်ဘုရားဖူးထောင်ပေါင်းများစွာက ရှီယိုက်ဘာသာ၏ အဓိကပွဲတော်ဖြစ်သော Ashura ပွဲတော်ဆင်နွှဲရန် ဝင်ရောက်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ ကာဘလာမြို့လူအုပ်ပိမှုမှာ သေဆုံးသူက ၃၁ ဦးထိရှိသွားပါပြီ။အခြား ၁ဝဝ ကျော်လည်း ထိခိုက်ဒဏ်ရာရသွားပါတယ်။ သူတို့ထဲက ၁ဝ ယောက်ကတော့ စိုးရိမ်စရာအနေအထားမှာ ရှိနေပါတယ်” ဟု အီရတ်ကျန်းမာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Sayf al-Badr ၏ နောက်ဆုံးထုတ်ပြန်လိုက်သော ကြေညာချက်တစ်စောင်တွင်ဖော်ပြထားသည်။

ရှီယိုက်ဘာသာဝင်တို့စုဝေးရာ Ashura ပွဲတော်သည် ကာဘလာမြို့၌ A.D ၆၈၀ ခုနှစ်က အသတ်ခံခဲ့ရသည့် ပရော်ဖက်မိုဟာမက်၏ မြေး Imam Hussein သေဆုံးခဲ့ရခြင်းကို ပြန်ပြောင်းအောက်မေ့သော ဘာသာရေးပွဲတော်တစ်ခုဖြစ်သည်။

ပြီးခဲ့သော ၁ဝ ရက်အတွင်း အီရတ်နိုင်ငံ ပြည်နယ်များစွာ နှင့် အီရတ်နိုင်ငံပြင်ပမှ ရှီယိုက်ဘာသာဝင် ၄ သန်းကျော်သည် Ashura ပွဲတော်ဆင်နွှဲရန် ကာဘလာမြို့သို့လာရောက်ခဲ့ကြကြောင်း al-Furat al-Awsat စီမံခန့်ခွဲမှုများအဖွဲ့၏ ကိန်းဂဏန်းများအရ သိရသည်။

အီရတ်ရုပ်မြင်သံကြားချန်နယ်များကလည်း ကာဘလာမြို့လမ်းများပေါ်တွင် အစိမ်းရောင် ၊ အနက်ရောင် နှင့် အနီရောင် အလံများ ဝှေ့ယံကိုင်ဆောင်ထားသော အမျိုးသား ၊ အမျိုးသမီး နှင့် ကလေးငယ်များ ပါဝင်သည့် လူအုပ်ကြီး ချီတက်နေပုံများကို ရိုက်ကူးဖော်ပြခဲ့သည်။

လူအုပ်ပိမှုသည် ရှီယိုက်ဘာသာဝင်များက ၎င်းတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဓါးပြားများဖြင့် ပြန်လည်ရိုက်နှက်၍ Imam Hussein ဂူဗိမ္မာန်ကို ဦးတည်သွားရောက်ရသည့် Ashura ပွဲတော်၏ အဓိကအစိတ်အပိုင်းတစ်ရပ်ဖြစ်သော Tuwayrij ချီတက်ပွဲပြုလုပ်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုသို့မိမိကိုယ်အား နာကျင်အောင် ပြန်လည်ရိုက်နှက်ခြင်းသည် Imam Hussein သေဆုံးခဲ့ရခြင်းအတွက် ဝမ်းနည်းကြေကွဲမှု နှင့် စာနာထောက်ထားမှုကို ဖော်ညွှန်းရန်အတွက်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.